ရူဘီ သောက်မယ့်အစား ဆေးပေါ့လိပ်ပဲ ပြောင်းသောက်တော့တယ်

Author မောင်ဒဂုံ
Categories
Published on Nov 05, 2022

စစ်အာဏာသိမ်းလိုက်လို့ စစ်တပ်ရဲ့ အရောင်းရဆုံးထုတ်ကုန် Red Ruby စီးကရက်တွေဟာလည်း စျေးကွက်ထဲမှာ မျက်နှာငယ်ရတဲ့ ထုတ်ကုန်တွေ အဖြစ်ပြောင်း သွားတာကို တွေ့ရပါတယ်။

အဲ့ဒီအချိန်ထဲက စီးကရက် သောက်သုံးသူ အများစုဟာ ကျပ် တစ်ရာတန် ရူဘီ ကို သပိတ်မှောက် ပစ်ပယ်လာခဲ့ကြပြီး ကျပ်တစ်ရာ့ငါးဆယ်တန် မဲလ်ဗီးယက်စ် တံဆိပ်ကို ပြောင်းပြီး သောက်လာခဲ့ကြပါတယ်။

ဒါ​ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်အောက်မှာ သူတို့ ထုတ်တဲ့ ရူဘီ စီးကရက် တွေဟာ စျေးကွက်ထဲ ရောင်းအား အလွန်အမင်းကျဆင်း သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ဖြစ်လာချိန်မှာပဲ ပြည်ပကနေ တင်သွင်းရတဲ့ အမျိုးအစားကောင်းတဲ့ စီးကရက် တံဆိပ်တွေဟာ စျေးကွက်ထဲ စျေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။

ယခုနှစ် ဇွန်လလောက်ထိ မဲလ်ဗီးယက် စီးကရက် တစ်ဗူးကို ၂၅၀၀ကျပ်ထက် မပိုတဲ့ စျေးနဲ့ ဝယ်လို့ ရခဲ့သေးပေမယ့် အခုအခါမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကို ရောက်နေခဲ့ပါပြီ။

အာဏာသိမ်းစ ကာလမှာ တစ်လိပ် တစ်ရာ့ငါးဆယ်ကျပ်သာ ရှိခဲ့တဲ့ မဲလ်ဗီးယက် စီးကရက်တွေဟာ အခုအခါ ဆိုင်အများစုမှာ တစ်လိပ် ကျပ် ၂၅၀ နဲ့ အချို့ဆိုင်တွေမှာ ကျပ် ၃၀၀ လောက်ကို ပေးဝယ်နေရပါတယ်။

ဒါပေမယ့် စစ်တပ်ထုတ်ကုန် ရူဘီကတော့ သုံးလိပ်ကို ကျပ် နှစ်ရာနဲ့ ပေါပေါ လောလော ရနေတုန်းပါပဲ။

နိုင်ငံခြားဖြစ် စီးကရက်တွေ စျေးတက်လာရတာဟာ ဒေါ်လာစျေး မတည်ငြိမ်တာတွေ၊ စက်သုံးဆီစျေးနှုန်း မြင့်နေတာတွေ၊ နယ်စပ် ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာရတဲ့ ဖြစ်စဥ်တွေကြောင့် ဖြစ်နိုင်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

” စီးကရက်တွေက ထိုင်းဘက်က ဝင်တာများတယ်။ ဒေါ်လာစျေးတက်မယ်။ ဘတ်လည်း တက်နေတယ်။ ပြီးတော့ တိုက်ပွဲဖြစ်ဖြစ်နေတော့ အဲ့ဘက်လမ်းတွေ ပိတ်နေတာမျိုး။ အဲ့တာတွေကြောင့် ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။

စက်သုံးဆီစျေးနှုန်း ဆက်တိုက်မြင့်တက်လာကတည်းက နယ်စပ်က ဝင်တဲ့ ကုန်စည်စျေးနှုန်းတွေ သယ်ယူပို့ဆောင်စရိတ်ပိုများလာလို့ စျေးတွေ တက်လာခဲ့တာပါ။

လမ်းခရီးတစ်လျှောက် အခွန်အခပေးရတာတွေကလည်း စျေးကွက်ထဲ ရောက်ချိန်မှာ ကုန်စည်တွေရဲ့ စျေးနှုန်းတွေက ကြောက်ခမန်းလိလိ မြင့်တက်သွားစေတဲ့ အခြေအနေ ဖြစ်စေဖို့ တွန်းအားပေးနေခဲ့ပါတယ်။

ပြည်တွင်း ကုန်စည်လမ်းကြောင်းတွေမှာလည်း စက်သုံးဆီစျေးတက်လို့ ကုန်စည်တွေ စျေးလိုက်တက်တဲ့ အဖြစ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း အထွေထွေကုန်စျေးနှုန်းတွေ မြင့်လာရတယ်လို့ ကုန်တင်ယာဥ်မောင်း တစ်ဦးက သူရဲ့ယူဆချက်ကို ပြောပြပါတယ်။

” ဆီစျေးတက်ရင် သယ်တဲ့ပို့တဲ့ စရိတ်တွေ ပိုထောင်းလာမယ်။ ဘယ်ကသယ်သယ် ဘာနဲ့ သယ်သယ် စက်သုံးဆီက လိုတာကိုး။ ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စျေးကွက်ထဲမှာ ပြည်တွင်းဖြစ် ဆေးဘော့လိပ်တွေလည်း စျေးတက်လာတာကို တွေ့ရပါတယ်။

ယခင် အာဏာသိမ်းကာလမတိုင်မီက ဆေးဘော့လိပ်တစ်လိပ် ကျပ်ငါးဆယ်သာ ရှိခဲ့ရာမှ ယခုအခါ သုံးလိပ် ကျပ်နှစ်ရာ ဖြစ်သွားခဲ့ပါတယ်။

ဒါက စစ်တပ်ထုတ်ကုန် ရူဘီ စီးကရက်နဲ့စျေးတူသွားတဲ့ အခြေအနေပါပဲ။

မာပိုလို၊ ၅သုံးလုံးလိုမျိုး စီးကရက်တွေရဲ့ စျေးနှုန်းတွေကလည်း ကျပ်ငါးထောင် ဝန်းကျင်ကို ရောက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကမှာ ဒီ နာမည်ကြီး စီးကရက်တံဆိပ်တွေက ကျပ် ၃၅၀၀ ဝန်းကျင်မှာပဲ ရှိနေခဲ့ပါသေးတယ်။

ဒီလို အခြေအနေတွေ ဖြစ်လာတဲ့ အတွက် စီးကရက် သောက်သုံးသူတွေဟာ စီးကရက် သောက်သုံးတာတွေ လျော့ကျလာခဲ့တာကို တွေ့ရပါတယ်။

ယခင်က တစ်ရက်လျင် စီးကရက် ငါးလိပ်ကျော် သောက်သုံးသူများဟာ ယခုကာလမှာ တစ်ရက်ကို နှစ်လိပ်လောက်သာ သောက်နိုင်တော့တယ်လို့ သိရပါတယ်။

” အရင်က တစ်လိပ် ၁၅၀ တုန်းကတောင် ဗူးလိုက်လေးဘာလေး ဝယ်သောက်ဖြစ်သေးတယ်။ အခုက တစ်လိပ် ၂၅၀၊ ဒါတောင် နှစ်လိပ် ၅၀၀၊ တစ်လိပ် ၃၀၀ ဆိုင်တွေ ရှိသေးတယ်။ လျှော့သောက်ဖြစ်တယ်။ အဓိကက ကျပ်တည်းလာတော့ ချွေတာတဲ့ သဘောပါ” လို့ ရန်ကုန်မြို့နေ စီးကရက်သောက်သုံးသူ လူငယ်တစ်ဦးက ပြောပြပါတယ်။

စီးကရက်ကြိုက်သူ အများအပြားကတော့ ယခုကာလ၌ ပြည်တွင်းဖြစ် ဆေးဘော့လိပ်များကို ပြောင်းလဲ သောက်သုံး ဖြစ်ကြတယ်လို့ ဆိုကြပါတယ်။

တစ်လိပ်ပြီး တစ်လိပ် ခပ်မြန်မြန်ကုန်တတ်တဲ့ စီးကရက်အစား စျေးသက်သာပြီး ခပ်ကြာကြာ သောက်ရတဲ့ ဆေးပေါ့လိပ်ကို ပိုသောက်ဖြစ်တဲ့ သဘောလို့ သူတို့က ပြောပြပါတယ်။

စျေးကွက်ထဲမှာလည်း ဆေးပေါ့လိပ် စျေးနှုန်းတွေ တက်နေသလို အတုတွေလည်း ပေါ်နေတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်အချို့က ဆိုပါတယ်။

” ဂျက်တွေက အတုတွေ ပေါ်လာတယ်ကွာ။ အဆင်မပြေဘူး။ ဝယ်တဲ့ ဆိုင်ကို ပြောတာပဲ။ အဲ့တာကို ပါလာတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ဆေးဘော့လိပ် အတုတွေမှာ ဆေးရွက်ကြီး အသား မဆိုသလောက်နဲ့ သစ်သားစတွေသာ အများဆုံးပါဝင်လို့ ကျန်းမာရေးအတွက် ထိခိုက်တာ ပိုများနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘတ်စ်ကားတွေ ပေါ်တက်ပြီး တစ်ဗူးကို ကျပ် ၅၀၀နဲ့ ပေါပေါလောလောရောင်းချနေတဲ့ စီးကရက်အတု ရောင်းချသူတွေကိုလည်း အများအပြား မြင်တွေ့လာရပါတယ်။

စက္ကူညှော်နံ့ ခပ်ပြင်းပြင်းရတဲ့ ဒီစီးကရက်အတုတွေဟာ ကျန်းမာရေးကို မည်မျှ ထိခိုက်စေနိုင်တယ်ဆိုတာ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ လုံးဝမရှိထားတဲ့ အရာတွေ ဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံခြားဖြစ် စီးကရက်စျေးတွေ မြင့်၊ ဆေးပေါ့လိပ်စျေးတွေတက်၊ အတုတွေ ပေါ နေပေမယ့် စျေးပေါပေါနဲ့ ရနိုင်တဲ့ ရူဘီ စီးကရက်ဘက်တော့ မလှည့်ဖြစ်ကြဘူးလို့ စီးကရက်သောက်သုံးသူတွေက ဆိုပါတယ်။

ပြည်သူတွေ အကြားမှာ သပိတ်မှောက်ကြတဲ့ စစ်တပ်ထုတ်ကုန်တွေထဲ သိသိသာသာ ရောင်းအားကျဆင်းခဲ့တဲ့ ထုတ်ကုန်တွေထဲမှာ RED RUBY နဲ့ မြန်မာဘီယာတို့က ထိပ်ဆုံးကနေ ပါဝင်နေတာကို တွေ့ရပါတယ်။

အခုလည်း စီးကရက်ကြိုက်သူတွေ ကုန်စျေးနှုန်း ကြောင့် ချွေတာရေး လမ်းစဥ်လိုက်နေရပြီး သောက်စရာ စီးကရက် တံဆိပ် ရှားနေပေမယ့် RED RUBY ကိုတော့ အများစုက ပြန်မသောက်ကြတော့ပါဘူး။

သူတို့ မသောက်ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ စစ်တပ်ထုတ်ကုန်ဖြစ်လို့ မသောက်ရတာက အဓိကဖြစ်ပေမယ့် ဒီ စီးကရက်ရဲ့ အရည်အသွေးကိုလည်း ကြိုက်နှစ်သက်ခြင်း မရှိတော့လို့ ဟူ၍လည်း ဆိုကြတာကို တွေ့ရပါတယ်။

” ရူဘီကတော့ တော်ပါပြီ။ အရင်ထဲက ချွဲကျပ်လို့ မသောက်တာ” လို့ စီးကရက်ကြိုက်သူ တစ်ဦးက ဆိုပါတယ်။

နီကိုတင်း၊ ကတ္တရာ အပါအဝင် ဓာတု ဓာတ်ပေါင်းတွေများစွာ ပါဝင်တဲ့ စီးကရက် သောက်သုံးတာတွေကြောင့် အဆုတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမည်ဖြစ်ပြီး အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ အပါအဝင် ရောဂါဆိုးများကို ခံစားရစေနိင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က သတိပေးထားပါတယ်။