ရုရှား စစ်သင်္ဘောအား မြှုပ်ပစ်နိုင်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဂျက်စကိတ်ဒရုန်း ၁၀စင်းထိ အသုံးပြုခဲ့ဟု ယူကရိန်းထုတ်ဖော်ပြောဆို

Author လင်းနွေဦး
Categories
Published on Feb 06, 2024

ရုရှား-ယူကရိန်း ကျူးကျော်စစ်တွင် ရုရှားမှ သိမ်းပိုက်ထားသည့် ခရိုင်မီးယန်း(Crimean)ကျွန်းဆွယ် အနီးရှိ ရုရှားရေတပ်ပိုင် စစ်သင်္ဘောအား ယူကရိန်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ကြာသပတေး နေ့တွင် နစ်မြုပ်အောင် တိုက်ခိုက်နိုင်မှု အတွင်း ဂျက်စကိတ်ဒရုန်း ၁၀ စင်း အထိ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းဘက်မှ ထုတ်ဖော်ပြောဆိုကြောင်း နိုင်ငံတကာမီဒီယာများမှ ဖော်ပြသည်။

 

အဆိုပါ တိုက်ခိုက်မှုအား ဦးဆောင်ခဲ့သူ အမည်မဖော်လိုသည့် ယူကရိန်းစစ်သားမှ Ivanovates အမျိုးအစား ရုရှား စစ်သင်္ဘောငယ် အား တိုက်ခိုက်မှုအတွင်း ဒရုန်း၁၀ လုံး အား ရေပြင်သုံး စစ်ဘက်ဆိုင်ရာ ဂျက်စကိတ်များဖြင့် တွဲဖက် အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၆ စင်း မှာ သင်္ဘာငယ်အား ထိမှန်ခဲ့ခြင်းဖြစ်သည် ဟု ပြောကြားခဲ့ကြောင်း CNN မီဒီယာမှ ဖော်ပြသည်။

 

တိုက်ခိုက်မှုအတွင်း ယူကရိန်း မှ အသုံးပြုခဲ့သော မာဂူရာ(MAGURA) အမျိုးအစား ဒရုန်းများသည် မီတာ အနည်းငယ်သာ ရှည်လျားသော်လည်း ကီလိုမီတာအားဖြင့် ၈၀၀ ကျော် ၊ မိုင်အားဖြင့် ၅၀၀ မိုင် နီးပါး အကွာအဝေးထိ သွားရောက်နိုင်ပြီး ပြင်းအားမြင့် စစ်ဘက်ဆိုင်ရာ ပေါက်ကွဲရေး ဒရုန်းအမျိုးအစားဖြစ်သည်ဟု ယူကရိန်းအာဏာပိုင်များမှ ဆိုသည်။

 

အလေးချိန်အားဖြင့် ၂၅၉ ကီလိုဂရမ် လေး၍ ၃၀၀ ကီလိုဂရမ် အထိ တိုးမြှင့်နိုင်သော အဆိုပါ မာဂူရာဒရုန်းများသည် ရေပြင်လှိုင်းလုံးထမှုကြောင့် ထိန်းချုပ်မောင်းနှင်ရန် ခက်ခဲ၍ ရန်သူမှ မြင်တွေ့ရန်လည်း မလွယ်ကူမှုကြောင့် ပစ်ချဖျက်ဆီးခံရမှုမှာလည်း နည်းပါးသည်ဟု အဆိုပါ ဦးဆောင်မောင်းနှင်သူ ယူကရိန်းအထူးအဖွဲ့ဝင်မှ CNN သို့ ပြောကြားချက်အရ သိရသည်။

 

ထို့ကြောင့်တိုက်ခိုက်မှုအား ယူကရိန်းကမ်းရိုးတန်းနေရာ တစ်ခုမှ နေ၍ အကွာအဝေးလှမ်းသော ခရိုင်မီးယန်းကျွန်းဆွယ်နားထိ သွားရောက်ကာ ရုရှားနိုင်ငံအတွက် အရှက်ရစေမည့် တိုက်ခိုက်မှုအဖြစ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုအား ဦးဆောင်မောင်းနှင်သူ ယူကရိန်းစစ်သားမှ CNN သို့ပြောသည်။

 

ကြိုးကိုင်မောင်းနှင်သူတပ်သားအမည်အား အမည်ဝှက်ဖြင့် (13)ဟုခေါ်ဆိုကာ ယူကရိန်း ကာကွယ်ထောက်လှမ်ရေး အေဂျင်စီ(GUR)မှ အထူးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ခရိုင်မီးယန်း ကျွန်းဆွယ်အတွင်း ရုရှားနိုင်ငံနှင့်ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့်လည်း ပါဝင်ပတ်သက်ဖူးသူ ဖြစ်ကာ နည်းပညာကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု CNN မှ ဖော်ပြသည်။

 

တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍ ရုရှားအာဏာပိုင်များထံမှ ထုတ်ဖော်ပြောဆိုခြင်း တစ်စုံတရာ မရှိခဲ့သော်လည်း CNN မှ ဖော်ပြသော ဗီဒီယိုအတွင်း၌မှု စစ်သင်္ဘောအား ဒရုန်းများ ထိခိုက်ပေါက်ကွဲပြီးမကြာမီ အချိန်တွင်းပင် သင်္ဘောများ ရေအောက်သို့ နစ်မြှုပ်သွားသည်ကို တွေ့မြင်ရသည်။

 

ယခုကဲ့သို့ ထိရောက်သော တိုက်ခိုက်မှုများအား ယူကရိန်း ဘက်မှ ပြီးခဲ့သည့် ရက်သတ္တပတ်များမှ စတင်ကာ ဆက်တိုက် လုပ်ဆောင်နိုင်လာနိုင်ခဲ့ပြီး စိန့်ပီတာဘက်ဂ် (Saint Petersburg) ဒေသ အနောက်ဘက် ၁၀၀ ကီလိုမီတာအကွာရှိ ရုရှားပိုင် ဆီပိုက်လိုင်း အား ဒရုန်းဖြင့်တိုက်ခိုက်မှုအား မကြာသေးခင်ရက်ပိုင်းများတွင် လုပ်ဆောင်ခဲ့သည်။

 

“ရုရှားတွေဟာ ညဘက်မှာဖြစ်တဲ့ ပေါက်ကွဲမှုတွေကြောင့် လန့်နိုးနေခဲ့ရတာကြာပြီ။ ခုတော့သူတို့ စစ်ပွဲရဲ့ ပုံရိပ်အစစ်အမှန်တွေဟာ ဘယ်လိုလဲဆိုတာ မြင်နေရပြီ” ဟု ယူကရိန်း ကာကွယ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သူ ခရိုင်လို ဘူဒါနော့ဗ်(Kyrylo Budanov) မှ CNN သို့ ပြောကြားခဲ့သည်။

 

ယူကရိန်း ကြည်းတပ်၏ ဗိုလ်ချုပ် တစ်ဦးဖြစ်သူ ဗလယ်ရီ ဇလူဇ်ညီ(Valerie Zaluzhnyi) မှလည်း ယူကရိန်း အနေဖြင့် နေရာယူ တိုက်ပွဲများအတွင်း ပြိုလဲမှုများ မဖြစ်ပေါ်စေရန်နှင့် အသာစီးမရနိုင်သော အခြေအနေများအတွက် ဒရုန်းနှင့် ဆက်စပ် အဆင့်မြင့်နည်းပညာသုံး လက်နက်များအား ပိုမို အသုံးပြုသွားမည်ဖြစ်ကြောင်း BBC သို့ ပြောကြားသည်။

 

ယူကရိန်းသို့ ကျူးကျော်စစ် ဆင်နွှဲလျက်ရှိသော ရုရှားသည် ပထမကျူးကျော်မှုအဖြစ်စတင်သော ၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယန်း ကျွန်းဆွယ်အား စတင်သိမ်းယူခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် ၂၀၂၂ ခုနှစ်တွင် ထပ်မံကျူးကျော်မှုများ အတွင်း ပင်လယ်နက်ဒေသ၌ ကိုယ်ပိုင်သီးသန့် ရေတပ်ဟူ၍ မထားရှိသော ယူကရိန်း၏ တိုက်ခိုက်မှုများအား စတင်ခံစားနေရခြင်းဖြစ်ပြီး ဥရောပအစည်းအရုံး (EU) ၏ ဘီလီယံ ၅၀ ကျော် ထောက်ပံ့မည့် အစီအစဉ်အား လက်ခံရရှိတော့မည့် ယူကရိန်းနိုင်ငံအဖို့ ထပ်မံ၍ အဆင့်မြင့် တိုက်ခိုက်မှုများအား မကြာခဏ ပြုလုပ်လာနိုင်သည်ဟု နိုင်ငံတကာ စစ်ရေးပညာရှင်များ၏ သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

 

ဓာတ်ပုံ – CNN

 

ပုံစာညွှန်း – ဖေဖော်ဝါရီ ၁ ရက်နေ့ ၌ ရုရှားစစ်သင်္ဘောအား နစ်မြှုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့် MAGURA အမျိုးအစား ဒရုန်းအား တင်ဆောင်ထားသည့် ဂျက်စကိတ်အား တွေ့ရစဉ်