ရုရှားလေဆိပ်တွင် အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြအုပ်စုသောင်းကျန်း

Author လင်းနွေဦး
Categories
Published on Oct 30, 2023

ရုရှားနိုင်ငံ၏ မွတ်စလင်အများစုနေထိုင်သော ဒက်ဂီစတန်ဒေသရှိ လေဆိပ်၌ အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြသူများသည် အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်း၌ ဆူပူသောင်းကျန်းမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

ဆူပူသောင်းကျန်းသူများမှာ ပါလက်စတိုင်းအလံများ အား ကိုင်ဆောင်ထားပြီး “Allahu Akbar” (ဘုရားသာ အကြီးမြတ်ဆုံး)ဟု အော်ဟစ်ကြွေးကျော်နေခဲ့ကြပြီး အစ္စရေး အားဆန့်ကျင်သူများဖြစ်ကြောင်း လေဆိပ်ရှိ ရိုက်ယူရရှိမိသော CCTV မှတ်တမ်းများအရ သိရသည်။

ထိုလူအုပ်ကြီးမှ တံခါးများကို ချိုးဖျက်ကာ လေဆိပ် လျှောက်လမ်းများအတွင်းသို့ ပြေးဝင်လာခဲ့ပြီး ဂျူးလူမျိုး ခရီးသည်များကို ရှာဖွေခြင်း၊ ဒေါသတကြီး တံခါးများကို ချိုးဖွင့်ခြင်း၊ လေယာဉ်များကို ဝန်းရံခြင်းတို့ ပြုလုပ်ခဲ့ကြပြီး လေဆိပ်ဝန်ထမ်းများနှင့် လုံခြုံရေးများလည်း ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ရသည်။

လုံခြုံရေးများ၏ ဖုန်းဆက်သတင်းပို့မှုကြောင့် အာဏာပိုင်များမှ ရဲများ၊ စစ်သားများကို လေဆိပ်သို့ စေလွှတ်ခဲ့ရပြီး ၎င်းတို့ရောက်ရှိလာချိန် နောက်ပိုင်းမှသာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများ၏ အတည်ပြုချက်အရ သောင်းကျန်းမှုအတွင်း လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း The Guardian သတင်းဌာနမှ ဖော်ပြသည်။

ယခုကဲ့သို့ အုပ်စုလိုက် အုံကြွသောင်းကျန်းမှုများကြောင့် အစ္စရေးဘက်မှ ရုရှားအာဏာပိုင်များကို အစ္စရေးနိုင်ငံသားများနှင့် ဂျူးများကို စောင့်ရှောက်ပေးရန် တိုက်တွန်းထားသည်။

အစ္စရေးဝန်ကြီးချုပ် ရုံးက ” ရုရှားအနေဖြင့် ဂျူးလူမျိုးများနှင့် အစ္စရေးနိုင်ငံသားများအပေါ် ဖြစ်ပေါ်လာနိုင်သော အကြမ်းဖက်မှုများ မဖြစ်လာစေရေး တင်းတင်းကြပ်ကြပ် စီမံလုပ်ဆောင် ရပါမယ်။ လှုံ့ဆော်မှုတွေကို ဆန့်ကျင်ဖို့ ခိုင်မာသော အရေးယူမှုများဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း” ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ စနေနေ့တွင်လည်း ဒက်ဂီစတန် ဒေသရှိ Khasavyurt(ခါဆဗ်ရော့ထ်)မြို့တွင်လည်း လူအုပ်ကြီးတစ်စုမှ အစ္စရေးများတည်းခိုသည်ဟုယူဆသော ဟိုတယ်ကို ဝန်းရံဆူပူမှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် ChP Dagestan မှ ဖော်ပြခဲ့ပြီး ရဲများမှ လူအချို့ကို ဟိုတယ်တွင်းသို့ ဝင်််််ရောက် ရှာဖွေစေကာ ၎င်းတို့ ထင်မြင်ချက်မှားကြောင်း သက်သေပြခဲ့သည်။