ရုရှားမှာ ပြင်းအားရစ်ချ်စကေး ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

Author CJ Platform
Categories
Published on Jul 30, 2025

ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်အနီးမှာ အလွန်အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ရုရှား၊ ဂျပန်၊ အမေရိကန်အနောက်ကမ်းရိုးတန်းနဲ့ ပစိဖိတ်ဒေသတွေမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပြီး ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ကိုလည်း အမိန့်ထုတ်ပြန်ထားပါတယ်။

 

ဒီနေ့ ဇူလိုင် ၃၀ ရက်ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်စကေး ၈ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ ကမ်ချက်ကာကျွန်းဆွယ် အရှေ့တောင်ဘက် မိုင် ၈၀ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် ငလျင်လှုပ်ခတ်မှုဟာ ၁၉၅၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ မြေအောက်အနက် ၁၂ မိုင်ကနေ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ကလည်း ထုတ်ပြန်ထားပါတယ်။

 

ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ကမ်ချက်ကာအစိုးရခေါင်းဆောင် Vladimir Solodov ကလည်း လူမှုကွန်ရက် တယ်လီဂရမ်မှာ ရေးသားဖော်ပြထားပြီး ကလေးစာသင်ကျောင်းတစ်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကမ်ချက်ကာကျွန်းအနီးမှာ ဆူနာမီလှိုင်းအမြင့် ၉ ပေကနေ ၁၃ ပေခန့်အထိမြင့်တက်ခဲ့တယ်လို့ ဒေသဆိုင်ရာအရေးပေါ်စီမံခန့်ခွဲရေးဌာန ထုတ်ပြန်ထားပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

 

အမေရိကန်ဆူနာမီသတိပေးမှုစနစ်ကလည်း နောက် ၃ နာရီအတွင်းမှာ ရုရှား၊ ဂျပန်၊ အလက်စကာနဲ့ ဟာဝိုင်ယီတို့မှာ အန္တရာရယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပြီး ဆူနာမီလှိုင်းအမြင့်ဟာ ၉ ပေအထိရောက်ရှိနိုင်ကာ ဟာဝိုင်ယီကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေ အရေးပေါ် ရွှေ့ပြောင်းကြဖို့ကိုလည်း တာဝန်ရှိသူတွေက ဥဩဆွဲသတိပေးထားပါတယ်။

 

ကိုးကား – The Guardian

ဓာတ်ပုံ – BBC

 

 

Related News

Depend on news