ရုရှားတွင် ဂီတဖျော်ဖြေပွဲအတွင်း သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ(၄၀)ထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာရ

Author အဂ္ဂ
Categories
Published on Mar 23, 2024

ရုရှားနိုင်ငံ ခရိုကပ်(Crocus)မြို့တော်ခန်းမတွင် ဂီတဖျော်ဖြေပွဲကျင်းပနေစဉ် ရုပ်ဖျက်ထားသည့် သေနတ်သမားများက မတ်လ ၂၂ ရက် သောကြာနေ့ ရုရှားနိုင်ငံစံတော်ချိန် ည(၈)နာရီခန့် (မြန်မာစံတော်ချိန် ည (၁၁) နာရီခွဲခန့်)တွင် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် လူပေါင်း(၄၀)ဦးထက်မနည်း သေဆုံးကာ ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးထိခိုက်ဒဏ်ရာရသူ အရေအတွက်သည် ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရေးဌာန၏ ပဏာမ အချက်အလက်များကို နိုင်ငံပိုင်မီဒီယာဖြစ်သည့် TASS က ဖော်ပြထားသည့် အချက်အလက်များဖြစ်ပြီး အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်သည်။

 

အခင်းဖြစ်ပွားရာနေရာ၏ ရုပ်သံမှတ်တမ်းများအရ မြို့တော် မော်စကိုနှင့် ကီလိုမီတာ (၃၀) ခန့်သာကွာဝေးသည့် ခရိုကပ်မြို့တော်ခန်းမ၏ ဂီတပွဲကျင်းပရာနေရာတွင် မီးများ အကြီးအကျယ် လောင်ကျွမ်းနေပြီး လေထဲသို့ မီးခိုးငွေ့များ လွင့်တက်နေသည်ကိုလည်း တွေ့မြင်ရသည်။

ရုရှားနိုင်ငံပိုင် အခြား သတင်းဌာနတစ်ခုဖြစ်သည့် RIA Novosti သတင်းဌာနကလည်း လက်နက်ကိုင်ဆောင်ထားသူများသည် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်ဗစ်ဗုံး သို့မဟုတ် မီးလောင်ဗုံးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် မီးလောင်မှုများဖြစ်ပွားခဲ့သည်ဟု ရုရှားအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။

 

ရုရှားနိုင်ငံပိုင်မီဒီယာဖြစ်သည့် Russia 24 ကလည်း ဂီတပွဲကျင်းပရာနေရာ၏ ခေါင်မိုးသည် ပြိုကျပျက်စီးသွားပြီဟု ဖော်ပြခဲ့သည်။

 

သေနတ်သမားများ၏ တိုက်ခိုက်မှုသည် ရုရှားဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Picnic အဖွဲ့၏ ဖျော်ဖြေမှုမတိုင်မီ ဖြစ်ပွားခဲ့သည်ဟု Russia 24 ၏ ဖော်ပြချက်အရ သိရသည်။

 

“အမည်မသိနိုင်သေးတဲ့ သူတွေဟာ ဖျော်ဖြေပွဲမစတင်ခင်မှာ ခရိုကပ်မြို့တော်ခန်းမထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ရုရှားအစိုးရ ရှေ့နေချုပ်ရုံးက ပြောဆိုကြောင်း TASS သတင်းဌာနတွင် ဖော်ပြခဲ့သည်။

 

ရုပ်သံမှတ်တမ်းတွင် ထိုင်ခုံပေါင်း (၆,၂၀ဝ) ရှိသည့် ဂီတခန်းမကျယ်ကြီးအတွင်း သေနတ်သံများ စတင်ထွက်ပေါ်လာပြီးနောက် အသံများ ပဲ့တင်ထပ်ဆူညံလာသည့်အချိန်တွင် လူများသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထိုင်ခုံများနောက်တွင် ပုန်းသူကပုန်း၊ အချင်းချင်းတိုးဝှေ့ကာ ဝရုန်းသုန်းကား ပြေးသူကပြေးနှင့် ယောက်ယက်ခတ်ကုန်ကြသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။

 

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီရော့ (Andrey Vorobyov)က အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသူများကို ကယ်တင်ရန် အစွမ်းကုန်လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားရာနေရာသို့ အထူးတပ်ဖွဲ့ (S.W.A.T) တစ်ဖွဲ့နှင့် လူနာတင်ယာဉ် အစီး (၇၀) ကျော်နှင့် ဆရာဝန်များကိုပါ ခေါ်ယူထားကာ ထိခိုက်နစ်နာသူများကို ကူညီပေးနေသည်ဟု ဆိုသည်။

 

မီးသတ်သမားများက အဆောက်အအုံအတွင်းမှ လူ(၁၀ဝ)ကျော်ကို ကယ်တင်ခဲ့ရသည်ဟု TASS က ဖော်ပြသည်။ ခေါင်မိုးပေါ်မှ သူများကိုမူ ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားနိုင်ငံ၏ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာန၏ ပင်မညွှန်ကြားရေးမှူးရုံး၏ ပြောဆိုချက်အရ သိရသည်။

 

မော်စကိုမြို့တော်ဝန် ဆာဂေ ဆိုယီဘာနင် (Sergei Sobyanin)ကမူ အဆိုပါတိုက်ခိုက်မှုသည် “ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီး” ဟု ပြောဆိုခဲ့သည်။

 

“ဒီနေ့ ခရိုကပ်မြို့လယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ထိခိုက်နစ်နာခဲ့ရသူတွေရဲ့ ချစ်ခင်ရသူတွေအတွက်လည်း အင်မတန် ဝမ်းနည်းကြေကွဲရပါတယ်။ အခင်းဖြစ်ပွားစဉ်ကာလမှာ ထိခိုက်ခံစားရသူတွေ အားလုံးအတွက် လိုအပ်တာတွေအားလုံး ကူညီထောက်ပံ့ပေးဖို့ကိုလည်း ကျွန်တော် ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်” ဟု သူက ထုတ်ပြန်ပြောဆိုခဲ့သည်။

 

မြို့တော်ဝန်သည် မော်စကိုမြို့တွင် ယခုသီတင်းပတ်၏ ရုံးပိတ်ရက်များတွင် ကျင်းပပြုလုပ်မည့် အားကစားပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အများပြည်သူဆိုင်ရာ ပွဲများအားလုံးကို ဖျက်သိမ်းသည်ဟုလည်း တယ်လီဂရမ် (Telegram) တွင် ပြောကြားခဲ့သည်။

 

ကိုးကား – CNN, Reuters

 

ဓာတ်ပုံ – Reuters