ရုရှားတို့ရဲ့ ဒရုန်းအစင်း ၃၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များမှပြော

Published on Oct 01, 2023

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ညဘက်တိုက်ပွဲတစ်ခုအတွင်းမှာ ရုရှားတို့ လွှတ်တင်ထားတဲ့ ဒရုန်းအစင်း ၃၀ ကို ယူကရိန်း လေတပ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေက စနေနေ့မှာ ပြောကြားလာခဲ့ပါတယ်။ ပစ်ချခဲ့တဲ့ ဒရုန်းတွေက အီရန်လုပ် Shahed အမျိုးအစားဝင်တွေ ဖြစ်ပြီး လွှတ်တင်ထားတဲ့ အစင်း ၄၀ ထဲက အစင်း ၃၀ ကို ပစ်ချနိုင်ခဲ့တာလို့ သူတို့က ဆိုပါတယ်။

ယူကရိန်းရဲ့ တောင်ပိုင်း စစ်ဒေသ ကွပ်ကဲရေးကတော့ ရုရှား ဒရုန်းတွေထဲက အစင်း ၂၀ ကို အလယ်ပိုင်းက ဗန်နစ်ဆီယာဒေသမှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး ကျန် ၁၀ စင်းကိုတော့ တောင်ဘက်ပိုင်းက အိုဒက်ဆာနဲ့ မီကိုလိုက်ဗ် နယ်မြေဘက်ခြမ်းမှာ ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။

စစ်ဒေသကွပ်ကဲရေးက ပြောရေးဆိုခွင့် ရှိသူ Natalia Humeniuk ကတော့ ရုရှားတို့အနေနဲ့ ယူကရိန်းရဲ့ စီးပွားရေးကို အင်အားချိနဲ့လာအောင် ဒန်ညုမြစ်အပါအဝင် ဆိပ်ကမ်းအဆောက်အအုံတွေနဲ့ ဒေသတွင်းက အခြား အခြေခံ အဆောက်အအုံတွေကို ပြစ်မှတ်ထားပြီး ဆက်လက် တိုက်ခိုက်ဖို့ ကြိုးစားလာနေတယ်လို့ Ukrainian TV မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ ဇူလိုင်လက စပြီး ဒန်ညုမြစ်နဲ့ အိုဒက်ဆာ ဆိပ်ကမ်းတစ်လျှောက်က အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးချဲ့ပြုလုပ်နေတာပါ။ ပင်လယ်နက်က တဆင့် ယူကရိန်းရဲ့ ဂျုံ၊ စပါး တင်ပို့မှု အန္တရာယ်ကင်းစေဖို့ အရေး ကမ္ဘာ့ကုလသမဂ္ဂနဲ့ သဘောတူညီချက်ကို ရုရှားနုတ်ထွက်ပြီးတဲ့ နောက်ပိုင်း တိုက်ခိုက်မှုတွေကို ဒီလိုအရှိန်အဟုန်နဲ့ လုပ်ဆောင်လာတာလဲ ဖြစ်ပါတယ်။

Reference – Reuters