ရိုဟင်ဂျာများအပါအ၀င် ပြည်သူတစ်ရပ်လုံး သွေးစည်ညီညွတ်မှုကို ပြသရန် Photo Campaign ပြုလုပ်

Author လင်းခိုင်
Categories
Published on Dec 08, 2022

 

ရိုဟင်ဂျာများအပါအ၀င် ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်မှုကို ပြသရန် Photo Campaign ပြုလုပ်ရန်အတွက် မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုက နှိုးဆော်ထားသည်။

ရိုဟင်ဂျာအများစုသည် မွေးရာပါ အခွင့်အရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပါအ၀င် သက်ရှင်သန်ခွင့်နှင့် လွတ်လပ်ခွင့်၊ လုံခြုံစိတ်ချခွင့် စသည့် အခြေခံလူ့အခွင့်အရေးများကို ဆယ်စုနှစ်ပေါင်း များစွာ ဆုံးရှုံးလျက်ရှိကြောင်း၊ လူမျိုးပြုတ်သတ်ဖြတ်ခံရမှုကို ဆက်တိုက်ကြုံတွေ့နေရပြီး လွတ်လပ်စွာ ရှင်သန်ခွင့်ဆုံးရှုံးကာ IDP စခန်းများ၊ အိမ်နီးချင်နိုင်ငံများတွင် မျက်နာငယ်စွာ ခိုလှုံရင်း လူသားအခွင့်အရေး များဆုံးရှုံးခဲ့ရသည်။

အမျိုးမျိုးသော ဖိနှိပ်မှု၊ ဖျက်ဆီးမှုတို့ကြောင့် မွေးဖွားရာဇာတိမြေတွင် ရှင်သန်နေထိုင်ရန် လူလိမ်ပွဲစားများ၏ အလိမ်အညာကြားမှ မျှော်လင့်ချက်တစ်ခုဖြင့် ပြည်မသို့လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများသို့လည်းကောင်း ထွက်ခွာရာတွင် မတရားဖမ်းဆီးခံရခြင်း၊ လူကုန်ကူးသူများနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းများ ကြုံတွေ့နေရသည်ဟု နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အခြေအနေများသည် အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးစေသည့် ၁၉၈၂ နိုင်ငံသားဥပဒေတို့ကြောင့်ဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံအနှံ့မှ လူမျိုးတိုင်း၊ ဘာသာတိုင်း ရှိ ပြည်သူများ ရင်ဆိုင်ခံစားနေရကြောင်း သိရသည်။

“ ကမ်ပိန်းလုပ်ဆောင်ရခြင်းက ခုလက်ရှိဖြစ်နေတဲ့ ရိုဟင်ဂျာ အခင်းအကျင်းအရ လွတ်လပ်စွာ ရှင်သန်သွားလာခွင့် ပိတ်ဆို့ခံရမှုကြောင့် ရိုဟင်ဂျာလူမျိုးတွေ camp မှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာတာတွေကြောင့် သေမှာ မကြောက်ပဲ ရရာနေရာက ထွက်ပြေးမှုအပေါ် အသက်အရှက်တွေ စတေးနေရတယ်။ ၈၂ ဥပဒေ ကိုဖြတ်သိမ်းပြီး အာဏာရှင်တံတိုင်း ကိုဖြိုချနိုင်မယ်ဆို ပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်ပီး အခု ကမ်ပိန်းကို လုပ်ဆောင်တာဖြစ်တယ်” ဟု မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုက အမျိုးသမီးတာ၀န်ခံ ရိုသင်းသင်းလှိုင်က CJ Platform သို့ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဒုက္ခများကို ကိုယ်ချင်းစာနာမိပါက မိမိတို့ကိုယ်တိုင် ရိုဂျင်ဂျာများဖြစ်သည်ဟု ခံယူပြီး ပြည်သူလူထုအနေဖြင့် မတရားမှုဟူသမျှ ဆန့်ကျင်ကာ ရိုဟင်ဂျာညီနောင်များအပါအ၀င် ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေးအတွက် သွေးစည်းညီညွတ်မှုကို ပြသပြီး ရိုဟင်ဂျာအပါအ၀င် အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးနှင့် အတူရပ်တည်ကြရန် Photo Campaign ဖော်ဆောင် ပါ၀င်ရန်အတွက် မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုက နှိုးဆော်ထားသည်။

Photo Campaign သည် မိမိအိမ်ရှိ ဒန်အိုးအဖုံးကဲ့သို့ အဖုံးတစ်ခုခုတွင် အာဏာရှင်တံတိုင်းကိုဖြိုချကြ ငါတို့အားလုံးရိုဟင်ဂျာ၊ ငါတို့လည်း နိုင်ငံပျောက်သူ ရိုဟင်ဂျာလည်း နိုင်ငံပျောက်သူ၊ ၈၂ ဥပဒေကိုဖြိုဖျက်ကြ ငါတို့အားလုံးရိုဟင်ဂျာ၊ ၈၂ ဥပဒေကို ဖြိုဖျက်ကြ လူနည်းစုအခွင့်အရေး ကာကွယ်ကြ စသည့် စာတန်းတွင် မိမိကြိုက်နှစ်သက်ရာကို ရေးကာ Facebook profile တွင်ဖြစ်စေ ၊ နိုင်ငံရေးအင်အားစုများကို ဒီဇင်ဘာ ၉ ရက်မှ ၁၆ ရက်အတွင်း ပို့ဆောင်ခြင်းဖြစ်စေ ပါ၀င်နိုင်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုဟင်ဂျာ