ရိက္ခာ ဆန်ရှားပါးလာမှုကြောင့် ကရင်နီစစ်ရှောင်တွေ ထမင်းတနပ် လျော့စားနေရ


🖋ခေတ်နီ

ကရင်နီပြည်အတွင်းက စစ်ဘေးရှောင်တွေဟာ စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်ကာလထိ ကြာမြင့်လာချိန်မှာ ရိက္ခာဆန်နည်းပါးမှုပြဿနာတွေကို ကြုံတွေလာရတာကြောင့် နေ့စဥ် စားသောက်မှုထဲက ထမင်းတနပ်စာပမာဏကိုလျော့ပြီး စားသောက်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

၂၀၂၁ခုနှစ် မေလ ၂၁ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်နီ ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယနေ့အထိ ကရင်နီပြည်အတွင်းက ဒေသခံ ၂သိန်းကျော်သည် စစ်ဘေးလွတ်ရာ တောတောင်များဆီသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာပဲ ဖြစ်သည်။

ယခုလို စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်လာတာနှင့်အမျှ ကုန်စျေးနှုန်းကြီးမြှင့်မှုများ ဆန်စိုက်ပျိုးသည့် နေရာများတွင် တိုက်ပွဲများကြောင့် ရိက္ခာဆန်မစိုက်ပျိုးနိုင်သည့် အခက်အခဲများကြောင့် စစ်ဘေးရှောင်များသည် ရိက္ခာသစ်စုဆောင်းမှုကို လုပ်ဆောင်နိုင်ဖိုခဲ့ခြင်းမရှိဘဲ စုဆောင်းထားသည့် ရိက္ခာများကိုသာ လျော့ပေါ့သုံးစွဲနေရတာပဲ ဖြစ်သည်။

“ဒီမှာက တချို့စခန်းတွေမှာ ကလေးငယ်လေးတွေနဲ့ နာမကျန်းသူကကလွဲရင် လူကြီးတွေက တနပ်လျော့စားနေရပြီ  ရိက္ခာမလောက်တော့ဘူးလေ နောက်ပြောင်းဖူးပေါ်ရင် ပေါင်းဖူးနဲ့ရောစားရတော့မှာပေါ့ ဆန်မရှိတော့ဘူးလေးဟု “ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်တွင် ပါဝင်ကူညီနေသူတစ်ဦးက CJ Platform သို့ပြောသည်။

ယခင်က အဆိုပါစစ်ဘေးရှောင်များကို ပြည်သူများနှင့် အရပ်ဖက် အဖွဲ့များ၏ ကူညီပေးမှုများ အမြောက်အမြားရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အကူအညီများ လျော့နည်းလာခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူများဟာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ရန် စစ်ဘေးရှောင်စခန်း၏ မြေလွတ်နေရာများတွင် တပိုင်တနိုင် သီးနှံများစိုက်ပျိုးပြီး ဖြေရှင်းနေရွက်နေရသည်။

“အလုပ်မှ လုပ်လိုမရတော့တာ  မိသားစုကများတော့ ဆန်မရှိတော့ရင် ချေးငှါးရတာပေါ့ ပြီးရင် မြို့ပေါ်ဘက်မှာ အလုပ်လေးရှိရင်ဝင်လုပ် ပြန်ဆပ်ပေါ့ ဒါကလဲအမြဲမရဘူးလေ အလှူရှင်တွေလာရင်တော့ နည်းနည်းအဆင်ပြေတယ်လေ”ဟု ဒီးမောဆိုမြို့နယ် ဆောင်ဒူလာဒေသမှ  စစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform သို့ ပြောသည်။

ဓာတ်ပုံ- ခူးကောင်းထက်မှူး (ပုံစာညွှန်း- ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်တစ်ဦးကို မြင်ရပုံ)

လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်မှုအပြင် မိုးတွင်းကာလဖြစ်ခြင်းကြောင့် အမိုးအကာနှင့် ဆေးဝါးများပါ လိုအပ်နေကြောင်းလည်း သိရသည်။

“တစ်နေကုန်မိုးရွာရင် မိုးကာကမလုံတော့ မိုးယိုတဲ့နေရာမှာပဲ နေရတာတွေရှိတယ် မိုးကာနဲ့တဲထိုးနေရတာကိုး၊ ပြီးတော့ ဆေးဝါးတွေပေါ့လေ ဒီတလော စခန်းတွေက ကလေးတွေ အရမ်းနေမကောင်ဖြစ်လာတယ်၊ ပြီးတော့ အရေးပြားရောဂါတွေပေါ့ အဲ့တာတွေဖြစ်လာတယ် အဲ့တာအတွက်က ဆေးဝါးလိုအပ်ချက်ရှိလာတယ်၊ အဓိကကတော့ အခြေခံစားသောက်ကုန်ဆန်ပေါ့နော် ဆန်ကပြတ်ရင်ပြတ်သွားနိုင်တယ်”ဟု ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်တွင် ပါဝင်ကူညီနေသူတစ်ဦးက CJ Platform သို့ပြောသည်။      

ယခုလို ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFPကနေ ကူညီပေးမှုတွေ လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လိုအပ်သည့် နေရာများသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့ကားတွေကရောက်တယ် ခုတလော ၄၊ ၅စီးတော့တွေ့တယ် ဒါပေမယ့် စစ်ရှောင်စခန်းတွေဆီတော့ ရောက်မလာသေးဘူး၊ များသောအားဖြင့်တော့ရောက်မလာဘူး သူတို့လည်း သူတို့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့လေ” ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်နီပြည်အတွင်း စစ်ဘေးရှောင်ဦးရေ ၂သိန်းကျော်ထိရှိနေပြီး၊ ကရင်နီပြည်၏ လူဦးရေ ၃ပုံ ၂ပုံအထိ ရှိနေခဲ့ခြင်းဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူများအနက်မှ စစ်ဘေးတိမ်းရှောင်ရင်း အကြောင်းအမျိုးမျိုးများကြောင့် ၃၈ဦးထိ သေဆုံးသွားခဲ့ကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ခူးကောင်းထက်မှူး (ပုံစာညွှန်း- ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်တစ်ဦးကို မြင်ရပုံ)