ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များ ဆေးဝါး ရိက္ခာနှင့် အထွေထွေအခက်အခဲများရှိနေ


🖋လင်းခိုင်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင် များ ဆေးဝါး ရိက္ခာနှင့် အထွေထွေအခက်အခဲများရှိနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ်အနီး သြဂုတ် ၁၃ရက်မှစတင် ကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ချိန်ခါလီ ကိုးတန်ကောက် ကြံတိုင်းအောင်ကျေးရွာမှ စစ်ဘေးရှောင်များသည် ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းအရှေ့ဘက်ရှိ ကျေးရွာအချို့သို့ တိမ်းရှောင်ခဲ့ကြေောင်းသိရသည်။
အဆိုပါကျေးရွာများတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၄၅၇စု ကျား ၇၄၄ဦး မ၈၇၈ဦး စုစုပေါင်း ၁၆၂၂ ဦးရှိကာ ကိုယ်ဝန်ဆောင်များ မွေးကင်းစနှင့် ကလေးငယ်များပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်များသည် မောင်တော ဘူးသီးတောင် လမ်းများတွင် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုကိုပိတ်ထားကြောင်း မောင်တော အငူမော် ကားလမ်းကြောင်းတစ်လျှောက် မောင်တောမြို့နယ် တောင်ဘက်နှင့် မြောက်ဘက်ကျေးရွာများသို့ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာဖြန့်ဝေရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများကိုလည်း စစ်တပ်ကသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအနေဖြင့် ကာလရှည်နေထိုင်ရပါက အခြေခံ အစားအစာ ဆေးဝါး အဝတ်အထည်များ ဆက်လက်လိုအပ်နေဦးမည်ဖြစ်ကြောင်း လတ်တလောရွာခံများနှင့် နီးစပ်ရာမှ စားနပ်ရိက္ခာအတွက် ဖြေရှင်းပေးနေသော်လည်း ထောက်ပံ့နေသည့်အဖွဲ့အစည်းများကို သွားလာခွင့်ပိတ်ထားခြင်း ကုန်စည်လမ်းကြောင်းများ ပိတ်ထားခြင်းကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ ကျန်းမာရေး နေထိုင်ရေးနှင့် အထွေထွေအခက်အခဲများ ရှိလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို နိုင်ငံတကာ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပြည်တွင်းအဖွဲ့အစည်းများကို လူသားချင်းစာနာစွာကူညီပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မေတ္တာရပ်ခံထား သည်။
လူသားချင်းဆိုင်ရာအကူအညီများကို ပေးအပ်မည့်အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီပိတ်ပင်မှုကြောင့် အခက်အခဲကြုံပါက ရခိုင်ပြည်သူ့အစိုးရသို့ကူညီပံ့ပိုးမှုများဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။