ရမ်းဗြဲသို့ ပို့လိုက်သည့် စစ်ကောင်စီစစ်ကူများကို AA ကြားဖြတ်တိုက်ခိုက်မှု ၆၀ ကျော် သေဆုံး၊ စစ်ရေးအရအရေးပါသော စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေ

Author လင်းနွေဦး
Categories
Published on Feb 26, 2024

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ အတွင်းသို့ စစ်ကူလာရောက်ချပေးသည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား (၆၀)ကျော်သေဆုံးသည့်အပြင် လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ထို့ပြင် AA အနေဖြင့် စစ်ရေးအရအရေးပါသော စစ်စခန်းကြီးများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

 

ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ကောင်စီက  ရဟတ်ယာဥ်လေးစင်းဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ဧရာဝတီတိုင်း ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆)တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့ အခြေစိုက် ခမရ (၃၇၃)တပ်ရင်းတို့မှ လက်ကျန်အင်အား ၁၂၀ ခန့်ကို စစ်ကူအဖြစ် အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

“အဲဒီနေ့က ရမ်းဗြဲမှာရှိတဲ့ အသိကို စိတ်ပူလို့ ဖုန်းချိတ်မေးတော့ မြို့ပေါ်မှာ လူမရှိတော့ဘူး ပြောတယ်။ ပစ်ခတ်သံတွေမကြားခင် ရဟတ်ယာဥ်တွေ ဝဲနေတာ။ မကြာဘူး။ ခဏနေတော့ ချကုန်ရောတဲ့။ လေကြောင်းကနေ စစ်တပ်က တောက်လျောက်ပစ်ကူပေးတယ်လို့ပြောတယ်။ ရမ်းဗြဲ တစ်မြို့လုံးနီးပါး စစ်ရှောင်နေရတယ်။ ကျွန်တော်တို့ဆီ ဘယ်တော့လဲ မသိပါဘူးဗျ” ဟု အသက် ၃၂ နှစ်အရွယ်ရှိ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောသည်။

 

အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော်က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၆၀) ကျော် သေဆုံးခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များအပါအဝင် စစ်လက်နက်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA info Desk မှ ဓာတ်ပုံမှတ်တမ်းများဖြင့်တကွ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့သော မင်းပြားမြို့ရှိ နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသော အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးကျောင်းကို ရှစ်ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် စစ်ရေးအရအရေးပါသည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်အပြင် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့ မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းနှင့် ဘူးသီးတောင်မြို့နယ် သရဖီကျေးရွာအနီးရှိ ခမရ (၅၅၂) တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်အစောပိုင်းမှစတင်၍ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ထုတ်ပြန်ထားသည်။

Related News

Depend on news