ရမ်းဗြဲမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင်မြို့ကို AA ဆက်လက်ထိုးစစ်ဆင်နေ

Author လင်းနွေဦး
Categories
Published on Mar 12, 2024

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့ကို ယမန်နေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းဌာနချုပ် စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ဆိုသည်။

 

ရမ်းဗြဲမြို့ကို ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ အောင်ချမ်းသာစေတီတိုက်ပွဲမှအစပြု တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြားမှ ရက်ပေါင်း ၈၅ ရက် သုံးလနီးပါးအကြာ၌ မြို့တွင်း စစ်ကောင်စီတပ်သား တစ်ဦးမှမကျန်ရှိသည်အထိ အပြီးသတ်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

“ရမ်းဗြဲကို ရပြီလို့ AA ကထုတ်ပြန်ပေမဲ့ မြို့တွင်းက စစ်ရှောင်တွေအနေနဲ့ နေအိမ်ပြန်တာမျိုးတွေ မလုပ်သေးဖို့ မှာကြားထားတာရှိတယ်။ သတင်းတွေ အမြဲနားစွင့်နေရတာပေါ့။ စစ်တပ်ဘက်က ထောင်ခဲ့တဲ့ စွန့်လွှတ်မိုင်း၊ နင်းမိုင်းနဲ့ တခြားအန္တရာယ်ရှိ စစ်လက်နက်ပစ္စည်းတွေ ကျန်သေးလို့ ရှင်းလင်းရေးလုပ်ဖို့ လိုတယ်လို့ AA ဘက်က ပြောထားတယ်။ ကျွန်တော်တို့လည်း ချက်ချင်းကြီး ပြန်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ အဆင်ပြေသလို သည်းခံနေပြီး စိတ်ချရပြီဆိုမှပဲ ပြန်မှာ” ဟု ရခိုင်ပြည်၊ တောင်ကုတ်မြို့သို့ စစ်ရှောင်နေရသည့် အသက် ၃၆ နှစ်အရွယ်ရှိ ရမ်းဗြဲမြို့ခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောသည်။

 

ရမ်းဗြဲမြို့အား တိုက်ခိုက်သိမ်းပိုက်နေချိန်အတွင်း မတ်လ ၁၀ ရက်နေ့ ညနေ ၇ နာရီခန့်မှစတင်ကာ ရသေ့တောင် အခြေစိုက်စစ်ကောင်စီ လက်အောက်ခံတပ်ရင်းဌာနချုပ်များကိုလည်း တပြိုင်နက် ဆက်လက်ထိုးစစ်ဆင်မှုများ လုပ်နေပြီး စစ်ကောင်စီ တပ်စခန်းကင်းစင်ရေးအတွက် တစ်ဆင့်မြှင့်ထိုးစစ် အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော်နှင့် မောင်တောမြို့ မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်နေသူ စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက် ရာနှင့်ချီအထိရှိနိုင်ကြောင်း ရက္ခိုင့်တပ်တော်က အသိပေးထုတ်ပြန်သည်။

 

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် AA အနေဖြင့် ‌မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့များအပြင် ယခုအခါ ရမ်းဗြဲမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ရခိုင်တွင် မြို့ ၇ ခုအထိ ရှိလာပြီဖြစ်ပြီး ချင်းပြည် ပလက်ဝမြို့ကိုလည်း AA က ထိန်းချုပ်ထားသည်။

Related News

Depend on news