ရမ်းဗြဲကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

Author အဂ္ဂ
Categories
Published on Jan 26, 2024

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်သော်လည်း စစ်ကောင်စီက ရမ်းဗြဲမြို့တစ်မြို့လုံး ပျက်စီးသွားစေရန် ရည်ရွယ်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သည့်အတွက် မြို့တွင်းရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း ညီနောင်သုံးဖွဲ့၏ ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်)ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီသည် ဇန်နဝါရီ (၂၄)ရက်နေ့တွင် ရက္ခိုင့်တပ်တော်ထံ လက်လွှတ်လိုက်ရသည့် ပေါက်တောမြို့ကိုလည်း ကြည်း၊ ရေ၊ လေ အစုံဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြို့ကိုဖျက်ဆီးခဲ့သကဲ့သို့ ယခု ရမ်းဗြဲမြို့ကိုလည်း Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

 

လက်ရှိ ရက္ခိုင်ပြည်ရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် တိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားနေရာတွင် မင်းပြားတိုက်ပွဲများ၌ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ အစုံဖြင့် ခုခံကာကွယ်ရသည်အထိ စစ်ရေးပြင်းထန်နေရပြီး စစ်ကူလာသည့် စစ်ကောင်စီ၏ တိုက်ရေယာဉ်သင်္ဘောများကို ရက္ခိုင့်တပ်တော်က ဟန့်တားနိုင်ခဲ့သည်ဟု ညီနောင်အဖွဲ့က ဆိုသည်။

 

မင်းပြားမြို့အနီးတိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်၏ တိုက်ရေယာဉ်သင်္ဘောမှ မြို့အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာရှိ အသက်(၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် မိသားစု သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် ထိတွေ့တိုက်ပွဲများအတွင်း အထိနာတိုင်း စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် နိုင်ငံတဝှမ်းတွင် နေ့စဉ် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားလျက်ရှိသည်။

 

ဓာတ်ပုံ – Wikipedia