ရန်ကုန် ၁၉ လမ်းက စားသောက်ဆိုင်များတွင် မြန်မာဘီယာမရောင်းပါက ဆိုင်ပိတ်သိမ်းရမည်ဟု စစ်‌ကောင်စီလိုက်လံခြိမ်းခြောက်

Author ကိုထက်
Categories
Published on Sep 21, 2023

ရန်ကုန်မြို့ လသာမြို့နယ် (၁၉)လမ်းရှိ စားသောက်ဆိုင်များတွင် စစ်တပ်ပိုင် Myanmar Brewery ကုမ္ပဏီထုတ် မြန်မာဘီယာကို မဖြစ်မနေရောင်းချရမည်ဟု စစ်ကောင်စီတပ်က လာရောက်ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဆိုင်ပိုင်ရှင်‌များထံမှ သိရသည်။

မြန်မာဘီယာကို မတင်ထားပါက ဆိုင်အပြီးပိတ်ရမည်ဟု ကားဖြင့်လာရောက် ပြောဆိုသွားကြောင်း ဆိုင်ရှင်များက ဆိုသည်။

“သူတို့က ကားတွေ ၃၊ ၄ စီးနဲ့ ရောက်လာတာ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ပြောတယ်။ မြန်မာဘီယာရောင်းရမယ်ပေါ့။ နောက်တစ်ခေါက်လာစစ်လို့ ဆိုင်မှာတင်ထားမတွေ့ရင် ဆိုင်ကိုအပြီးပိတ်ရမယ်လို့ပြောသွားကြတယ်” ဟု ၁၉ လမ်းက ဆိုင်ရှင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့လုပ်ဆောင်လာရသည်အထိ စစ်တပ်ထုတ်ကုန်များ ရောင်းအားကျဆင်းလာ၍ အထိနာလာပြီဖြစ်ကြောင်း သက်သေတစ်ခုပင်ဖြစ်သည်။

“ရောင်းတာကရောင်းလို့ရတယ်။ လူတွေကမှ ဝယ်မသောက်တာ။ ဆိုင်လာရင် တခြားဘီယာပဲမှာကြတာ။မြန်မာဘီယာကို ဘယ်သူမှတော်ရုံမမှာကြဘူး။ သူတို့ဘယ်လောက်ဖိအားပေးပေး ဝယ်သောက်မယ့်သူမှမရှိတာ” ဟု အထက်ပါဆိုင်ရှင်က ဆက်ပြောသည်။

လသာမြို့နယ် ၁၉ လမ်းကို လာရောက်စားသောက်ကြသော လူအများစုသည် မြန်မာဘီယာမှလွဲပြီး အခြားသောဘီယာ၊ သောက်သုံးစရာများကိုသာ မှာယူသောက်သုံးကြသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အုပ်စုက အာဏာမသိမ်းခင် မြန်မာဘီယာသည် လူကြိုက်အများဆုံး ဘီယာဖြစ်သော်လည်း ၎င်းကုမ္ပဏီသည် စစ်တပ်လက်အောက်ခံကုမ္ပဏီဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဦးဆောင်ထားသည့် ကုမ္ပဏီဖြစ်သောကြောင့် ပြည်သူများမှ မသောက်သုံးဘဲ သပိတ်မှောက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည်အပတ်အတွင်းကလည်း ရန်ကုန်မြို့ လှည်းတန်းစျေးအတွင်းရှိ စျေးဆိုင်များတွင် စစ်တပ်ထုတ်ကုန်များ တင်ရောင်းရန် ခြိမ်းခြောက်ပြောဆိုမှုများ စစ်ကောင်စီတပ်များပြုလုပ်ခဲ့ကြသည်။