ရန်ကုန်-လွိုင်ကော် လေကြောင်းခရီးစဥ်အား ရက်အကန့်အသတ်မရှိဖျက်သိမ်း

Author မွန်လေး
Categories
Published on Sep 30, 2022

ရန်ကုန်-လွိုင်ကော် ခရီးသည်လေယာဥ်အား ယနေ့ နံနက် ရှစ်နာရီခွဲကျော်တွင် တိုက်ခိုက်ခံရပြီးနောက် ယင်းခရီးစဥ်ကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ဝယ်ထားသူများ မိမိဝယ်ယူထားသည့် အရောင်းဌာနများတွင် ပြန်အမ်းငွေ ပြန်လည်ထုတ်ယူနိုင်ကြောင်းကိုလည်း Myanmar National Airlinesက ထုတ်ပြန်ထားသည်။

“အဲ့ဒီခရီးစဥ်ကိုပိတ်လိုက်တာ မှန်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာကိုတော့ ပြောလို့မရသေးပါဘူး”Myanmar National Airlinesက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မှ ကယားပြည်နယ် လွိုင်ကော်သို့ ထွက်ခွာလာသော MNA လေယာဉ်သည် ယနေ့ နံနက် ၈ နာရီခွဲကျော် အချိန်ခန့်တွင် လွိုင်ကော်လေဆိပ်သို့ ဆင်းခါနီးအချိန်၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး၊ ခရီးသည်နှစ်ဦး၏ ပါးနှင့်ခါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်မြို့နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ပို့ဆောင်ထားကြောင်းသိရသည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့သည်ကို CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။