ရန်ကုန် ရေပေါ်ညဈေး ပြုလုပ်ရန် မင်းအောင်လှိုင် ပြောကြားခဲ့သော်လည်း လုံခြုံရေးမပေးနိုင်သောကြောင့် ဖျက်သိမ်းခဲ့ရ
ရန်ကုန်မြို့တွင် ပထမဦးဆုံး ရေပေါ်ညစျေးဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လုံခြုံရေးမယူနိူင်၍ ဖျက်သိမ်းလိုက်ရခြင်းကြောင့် လုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံဘောတံတား အမှတ် ၅ တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်နေ့အထိ တော်ဝင်ချမ်းသာကုမ္ပဏီနှင့် စစ်ကောင်စီတပ် ပူးပေါင်း၍ ကျင်းပမည့် ရေပေါ်ညစျေးနှင့် စျေးရောင်းပွဲတော်ကို ဖျက်သိမ်းခဲ့တာဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ CJ Platform ကိုပြောသည်။
“အခုကာလမှာ ဘယ်သူမှ တာဝန်ယူမှာမဟုတ်ဘူး အကျိုးအမြတ်ရရင် ကုမ္ပဏီကရမှာ သေရင်စစ်တပ်က သေမှာ အဲ့ဒါကြောင့် လူကြီးတွေက ခွင့်မပေးဘူး”ဟု ပြောသည်။
ရေပေါ်ညဈေးကို ပြုလုပ်ပါက ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ လှေ ၁၄ စီး ပါဝင်မည်ဖြစ်ပြီး ညဈေးအား ဗိုလ်တထောင်ဘုရားအနီး Love Boat ကို မျက်နှာမူကာ ဖြတ်လျှောက်သွားည့် တံတားဘယ်ဘက် ရေပြင်ဧရိယာအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောသည်။
“မဖြစ်နိုင်ရင် မလုပ်နဲ့လေ အခုက လှေတွေကိုပြုပြင် အလှဆင်ပြီးမှ အောက်တိုဘာ ၃၁ ရက်နေ့ မလုပ်ဖြစ်ဘူး နောက်ရက်လုပ်မယ်ပေါ့ အခုတော့ ယာယီဆိုင်းငံ့လိုက်တယ် ဘယ်နေ့မှ ခွင့်ပေးမယ်မသိဘူး မရောင်းရသေးဘူး ပြင်ဆင်စရိတ်နဲ့တင် တော်တော်ရှုံးသွားတယ် နောက်လုပ်လဲ သွားမရောင်းတော့ပါဘူး”ဟု ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မှ အင်းလေးဒေသရှိ ရေပေါ်စျေးအတိုင်း ရန်ကုန်တွင်ပြုလုပ်ရန် စီစဥ် ညွှန်န်ကြားခဲ့ပြီး ဖွင့်မည့်ရက်ကို ထပ်မံမညွှန်ကြားတော့ဘဲ ယာယီရပ်ဆိုင်းထားရန်သာ ညွှန်ကြားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။
“အင်းလေးနဲ့ ရန်ကုန်နဲ့ မတူဘူးလေ ဟိုကသဘာဝအတိုင်းရောင်းတာ ဒီမှာက လုပ်ယူထားတာ မူးရူးပြီး ပြုတ်ကျသေရင် ဘယ်သူမှတာဝန်ယူမှာမဟုတ်ဘူး အခုရေပေါ်ညစျေးက အိမ်မက်ဖြစ်သွားပြီ ဘယ်တော့ လုပ်မယ်ဆိုတာမသိသေးဘူး”ဟု ပြောသည်။
တိုင်းရင်းသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသရန်နှင့် တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်ဟု စစ်ကောင်စီက ပြောဆိုခဲ့မှုကို ယုံကြည်၍ အရင်းအနှီးစိုက်ထုတ်ကာ စျေးရောင်းချရန်စီစဥ်သည့် လုပ်ငန်းရှင်များ အစီအစဥ်ဖျက်သိမ်းလိုက်၍ ငွေကြေးဆုံးရှုံးမှုများသာရှိသည်ဟု လုပ်ငန်းရှင်တွေဆီက သိရသည်။
Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform