ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ခုနှစ်ဦး နေရာတွင်သေဆုံး 

Author လင်းနွေဦး
Categories
Published on Feb 16, 2024

မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်အပိုင်၊ မိိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမ၊ မိုင်တိုင်အမှတ် (၁၃၄/၇) နှင့် (၁၃၄/၈) ကြားတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ကုန်တင်ယာဉ်နှင့် အိမ်စီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အိမ်စီးကားပေါ်ရှိ ခရီးသည် ခုနှစ်ဦးစလုံး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ပီတိနှလုံးသားလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုစိုးမင်းထိုက်က CJ Platform သို့ ပြောကြားသည်။

 

သထုံမှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် FOTON အမျိုးအစား၂၂ ဘီး ကုန်တင်ယာဉ်နှင့် ဘီးလင်းမှ သထုံဘက်သို့ မောင်းနှင်လာသည့် Toyota Probox အိမ်စီးကားတို့ နှစ်စီးတိုက်မိမှုတွင် မိုင်တိုင်အမှတ် (၁၃၄/၇)ကျော်၌ ကုန်တင်ယာဉ်မှ ယာဉ်ကျော်တက်ရာမှတစ်ဆင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောပေါ်ရှိ အိမ်စီးကားကို မျက်နှာချင်းဆိုင်ဝင်တိုက်မိရာမှ ယခုကဲ့သို့ သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ရာသို့ သွားရောက်ကူညီပေးခဲ့သည့် ကိုစိုးမင်းထိုက်က ဆိုသည်။

 

“ကျွန်တော်တို့ကို ဖုန်းဆက်တော့ (မနက်)၁၀ ခွဲဝန်းကျင်လောက် ဖြစ်နေပြီ။ အဲဒါနဲ့ အမြန်ပြေးသွားတော့ ဟိုကို ၁၁ နာရီ မထိုးခင် လောက်ရောက်တယ်။ အိမ်စီးကားပေါ်ကသူတွေက ခေါင်းကြေပြီး ဦးနှောက်တွေပါထွက်တဲ့သူထွက်နဲ့ ရစရာမရှိဘူး။ အကုန်သေကုန်တာ” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

ထို့ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကားတွင်းမှ ဆွဲထုတ်၍ ပီတိနှလုံးသားလူမှုကူညီရေးအသင်းပိုင် ယာဉ်များဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုတိုက်နယ်ဆေးရုံမှတစ်ဆင့် သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားကာ ပရဟိတအသင်းသားများအကူအညီဖြင့်ပင် ရုပ်အလောင်းများကို ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း အထက်ပါ ပရဟိတအသင်း ဥက္ကဋ္ဌက ပြောသည်။

 

“ကူညီကြတာကတော့ ဘီးလင်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေရယ်၊ ကျိုက္ကော်နယ်မြေ မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေရယ်၊ မိုးကောင်းလူမှုကူညီရေး အသင်းဝင်တွေရယ်၊ ကျွန်တော်တို့ ပီတိနှလုံးသားလူမှုကူညီ အသင်းဝင်တွေရယ်ကနေပြီး ဆွဲထုတ်တာတွေ၊ ဆေးရုံပို့တာနဲ့ အလောင်းတွေကို မိသားစုတွေထံ ပြန်သယ်ပြီး သင်္ဂြိုလ်နိုင်အောင်အထိ လုပ်ပေးခဲ့လိုက်နိုင်ပါတယ်” ဟု ကိုစိုးမင်းထိုက်က ဆိုသည်။

 

ယခုကဲ့သို့ တစ်ဘက်ယာဉ်  Probox အိမ်စီးကားပေါ်ရှိ လိုက်ပါစီးနင်းသူ ခရီးသည် ခုနှစ်ဦးစလုံး အသက်သေဆုံးရသည်အထိ မောင်းနှင်သော ၂၂ ဘီး ကုန်တင်ယာဉ်မောင်းကို သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးကာ ဆက်လက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟုလည်း CJ Platform က စုံစမ်းသိရှိရသည်။