ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၅၈ မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်ငါးစီးဆင့်တိုက်၊ အိမ်စီးကား သုံးစီးပေါ်က လူသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ  

Author လင်းနွေဦး
Categories
Published on Feb 10, 2024

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅) ဖာလုံအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ သန်းခေါင်ယံအချိန်က ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် သန်းခေါင်းယံ ၁၂ နာရီ ၆ မိနစ်ခန့်က ၁၅၈ မိုင်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေသည့်ယာဉ်များကို သစ်ဆန်းအဝေးပြေးခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် အိမ်စီးကားသုံးစီး တစ်စီးနှင့် တစ်စီးတိုက်မိသည့်အပြင် ရှေ့ဆုံးတွင် တန်းစီနေသည့် ခိုင်မန္တလေးအဝေးပြေးခရီးသည်တင်ယာဉ်နှင့်စောင့်တိုက်မိပြီး ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အသက် ၂၈ နှစ်အရွယ်ရှိ CJ Platform ၏ သတင်းရင်းမြစ်က ပြောသည်။

 

“စစ်ဆေးရေးဂိတ်မှာ ရပ်ထားတုန်း သစ်ဆန်း Express က နောက်ကဝင်တိုက်တာ။ ရှေ့ဆုံးမှာက ခိုင်မန္တလေး၊ ကြားမှာက အိမ်စီးကား သုံးစီးရှိတယ်။ Super Custom တစ်စီးရယ်၊ Toyota Rav4 ရယ်၊ Toyota Celica ရယ် သုံးစီးစလုံး ပျက်စီးတာများတယ်။ အဲဒီသုံးစီးမှာမှ Custom ပေါ်က ခရီးသည် တစ်ဦးရယ်၊ Rav 4 ပေါ်က နှစ်ဦးရယ် ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်သူတွေက ဒဏ်ရာရပြီး စိုးရိမ်ရသူတွေ ရှိတယ်” ဟု ယင်းနေရာတွင် ရှိနေခဲ့သည့် အမျိုးသမီးက CJ Platform သို့ ပြောသည်။

 

သို့သော် မြန်မာနိုင်ငံမီးသတ်ဌာနချုပ်၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ကြေညာချက်တွင်မူ နှစ်ဦးသာသေဆုံးသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ယင်းမီးသတ်ဌာနချုပ်ထံ CJ Platform သတင်းဌာနမှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရခဲ့ပေ။

 

အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Super Custom ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးအနက် အမျိုးသားတစ်ဦးနှင့် Toyota Rav 4 အမျိုးအစာ်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကြားညှပ် တိုက်ခံရသည့် ယာဉ်သုံးစီးမှ စုစုပေါင်း ဒဏ်ရာရခရီးသည် ခုနှစ်ဦးအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာရရှိသူများကို ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ် သုံးစီးဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားသည်ဟု CJ Platform ၏ မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။

 

ထိုယာဉ်တိုက်မှုကြောင့် အဝေးပြေးခရီးသည်တင်ယာဉ်များဖြစ်သည့် ခိုင်မန္တလေးနှင့် သစ်ဆန်းယာဉ်တို့ အနည်းငယ်ပျက်စီးမှုသာဖြစ်ခဲ့ပြီး ခရီးသည်များ ဘေးကင်းကြောင်း သိရသည်။

 

“တော်သေးတယ်။ Express ပေါ်က ခရီးသည်တွေတော့ ဘာမှ မဖြစ်ဘူး။ နောက်ထပ် ကံကောင်းတာက Toyota Celica က ကလေး လေးယောက် ပါတယ်။ သူတို့ အရမ်းကြီး ထိခိုက်မသွားတာတော့ တကယ် ကံကောင်းတယ်ပြောရမယ်” ဟု ၎င်းက ပြောသည်။

 

ယခုကဲ့သို့ ခရီးသည်များ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သော သစ်ဆန်းအဝေးပြေးခရီးသည်တင် ယာဉ်မောင်းကို သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် ထိခိုက်ပျက်စီးသွားသော အိမ်စီးကားသုံးစီးကိုလည်း ကရိန်းဖြင့် လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။