ရန်ကုန် စက်ရုံအချို့ရှိ နေ့စားလုပ်သားများ သတ်မှတ်လုပ်ခ မရဟုဆို

Author ကိုထက်
Categories
Published on Nov 08, 2023

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအချို့တွင် လုပ်ကိုင်နေသော နေ့စားလုပ်သမားများမှာ သတ်မှတ်ထားသည့် တစ်နေ့လုပ်အားခမရရှိဘဲ စက်ရုံဘက်မှ လုပ်အားခခေါင်းပုံဖြတ်ခံနေရကြောင်း အဆိုပါစက်ရုံများတွင် လုပ်ကိုင်နေသည် အလုပ်သမားများက ဆိုသည်။

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှစပြီး တစ်နေ့လုပ်အားခ ယခင် ၄၈၀၀ ကျပ်မှ ထောက်ပံ့ကြေး ၁၀၀၀ အပါအဝင် ကျပ် ၅၈၀၀ တိုးမြှင့်သတ်မှတ်ထားသော်လည်း စက်ရုံအလုပ်သမားအချို့မှာ ယင်းသတ်မှတ်လုပ်အားခကိုမရရှိကြဟု ၎င်းတို့က ဆိုသည်။

“တစ်နေ့လုပ်ခက ၅၈၀၀ သတ်မှတ်ထားတယ်သာပြောတာပါ။ ကျွန်မတို့ ချုပ်တဲ့တစ်လိုင်းလုံး အဲဒီလိုမရဘူး။ သူတို့က လစာပေးတွေထက် နေ့စားတွေကိုပဲခေါ်တာများလာတယ်။ နေ့စားတွေကို ၃ လပြည့်ရင် လစာပေးနဲ့ခန့်ထားရမှာကို မခန့်ဘူး” ဟု လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။

ထို့ပြင် အချိန်ပိုကြေးများ တွက်ချက်ပေးရာတွင်လည်း သတ်မှတ်ထားသည့် တစ်နေ့လုပ်ခအပေါ် အခြေခံတွက်ချက်မပေးကြောင်း ဖိနှိပ်ခံ အလုပ်သမားများက ဖွင့်ဟသည်။

“အလုပ်သမားတွေရပိုင်ခွင့် အခွင့်အရေးတွေက ပိုနစ်နာလာတယ်။ အကြောင်းမဲ့အလုပ်ထုတ်ခံရတာတွေ၊ လုပ်ငန်းခွင်အတွင်းမှာ ‌ဆဲရေးတိုင်းထွာခံရတာတွေ၊ သတ်မှတ်ထားတဲ့ လုပ်ခလစာတွေအပြည့်မရတာတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဖြစ်လာတယ်။ ကျမတို့ဘက်ကတော့ အတတ်နိုင်ဆုံးအလုပ်သမားတွေအဆင်ပြေ‌ရေးစောင့်ကြည့်ကူညီပေးနေတာတွေရှိပါတယ်” ဟု အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စက်ရုံများအလုပ်ရပ်နားခြင်း၊ လုပ်ကိုင်နေသောစက်ရုံများကလည်း အလုပ်သမားများအပေါ် ရသင့်သည့်အခွင့်အရေးများမပေးခြင်းများကြောင့် အလုပ်သမားများ ပိုမိုခက်ခဲကျပ်တည်းလာနေသည်။

ထိုသို့စားဝတ်နေရေး ကြပ်တည်းလာခြင်းနှင့်အတူ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများအပါအဝင် မြို့ကြီးအချို့တွင် ခိုးဆိုးလုနှိုက်များတစ်နေ့တခြားပိုတိုးလာနေသည့်အတွက် မြန်မာပြည်သူများမှာမလုံမခြုံဖြင့် အသက်ရှင်နေထိုင်နေကြရသည်။