ရန်ကုန်အတွင်းမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးအချို့ ထွက်ပြေးမှုများရှိလာ

Published on Mar 04, 2024

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့မှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးအချို့ ထွက်ပြေးမှုတွေရှိလာကြောင်း သက်ဆိုင်ရာရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

 

“ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် အုပ်ချုပ်ရေးမှူးရော ၊ ရာအိမ်မှူး ဆယ်အိမ်မှူးရော မရှိတော့ဘူး။ သူတို့ကို စစ်တပ်က လူတောင်းတာကို မပေးနိုင်လို့ ထွက်ပြေးသွားကြတာ” ဟု တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုသည်။

 

စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လူစာရင်းတောင်းခံခြင်းများ ပြုလုပ်လာသည်။

 

ယင်းသို့ တောင်းခံရာမှာ တစ်ချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လူစာရင်းပေးသော်လည်း အချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာမူ လူမုန်းမခံလိုတော့၍ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

 

“အရင်ရပ်ကွက်တွေထဲမှာ ဖမ်းတာဆီးတာတွေလုပ်တုံးက အဲ့ဒီ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော ဆယ်အိမ်မှူးရာအိမ်မှူးတွေရောပါတယ်။ အဲ့လိုလုပ်တော့ သိပ်မကြာဘူး တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ အသိပေးစာတွေလာတယ်လို့ ကြားတယ်။ အခု လူထပ်စုပေးတာတွေ ထပ်လုပ်ရင် အသတ်ခံရမှာဆိုးလို့ပြေးတာ” ဟု တောင်ဒဂုံမြို့တွင် နေထိုင်သူက ဆိုသည်။

 

ထို့အပြင် တောင်ဒဂုံမြို့နယ်အတွင်း အခြားရပ်ကွက်တစ်ခု၌လည်း လင်မယားရန်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူးထံသွားတိုင်စဉ် အုပ်ချုပ်ရေးမှူးမှာ မရှိတော့ကြောင်း အဆိုပါရပ်ကွက်နေထိုင်သူက ပြောသည်။

 

“ဘေးအိမ်က လင်မယားရန်ဖြစ်တာ၊ မိန်းမက ခေါင်းကွဲသွားလို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တော့ အုပ်ချုပ်ရေးမှူး ခရီးသွားတယ်လို့ပြောတာ၊ နောက်မှသိရတာက အုပ်ချုပ်ရေးမှူး ကြောက်လို့ ထွက်ပြေးသွားတာလို့ သိရတယ်” ဟု ၄င်းက ဆိုသည်။

 

ဖေဖော်ဝါရီ ၁၀ရက်နေ့က အတည်ပြုလိုက်သည့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေ ထွက်ပေါ်လာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့စွန်ပိုင်းများတွင် စစ်မှုထမ်းမည့် လူစာရင်းလို က်လံကောက်ခံမှုများ ရှိနေခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ ရပ်ကွက်မှာတော့ လူစာရင်းလာကောက်သွားပြီ ၊ ကျွန်တော်က အမေအိုနဲ့နှစ်ယောက်ထဲနေတာမို့လို့ ပါမသွားပေမယ့် ၊ အခြားအိမ်တွေကနေ လူစာရင်းတွေ ကောက်သွားကြတယ်”ဟု ဒဂုံအရှေ့မြို့နယ်တွင်နေထိုင်သူက ဆိုသည်။

 

ထို့အပြင် ပျူ(ပြည်သူ့စစ်)များမှ ဦးဆောင်ကာ စာရင်းကောက်ယူမှုများလည်း ရှိနေသည်။

 

“ ရပ်ကွက်ထဲမှာတော့ ပျူတွေများတယ် ၊ သူတို့က စစ်မှုမထမ်းမနေရ ဥပဒေအတည်မဖြစ်ခင်ကတည်းက စစ်သင်တန်းသွားတက်ထားကြတယ် ။ အခုကတော့ ဒီကောင်တွေက ဦးဆောင်ပြီးတော့ စာရင်းလိုက်ကောက်တာတွေလုပ်နေတယ် “ ဟု မြောက်ဥက္ကလာတွင်နေထိုင်တစ်ဦးက ပြောကြားသည်။

 

ဓာတ်ပုံ – ဘလက်

 

ပုံစာညွှန်း – ရန်ကုန်မြို့တွင် စစ်မှုထမ်းဥပဒေအား ထောက်ခံကြောင်း ပွဲကျင်းပနေသည့် မြင်ကွင်း (ပုံအဟောင်း)