ရန်ကုန်ရှိ CDM ပညာရေးဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် စစ်ကောင်စီ မက်လုံး​ပေးစည်းရုံးနေ၊ ဝန်ထမ်းအချို့အလုပ်ပြန်ဝင်ရန်စဉ်းစားနေ

Author အဂ္ဂ
Categories
Published on Oct 21, 2023

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် စစ်‌ကောင်စီက CDM ပြုလုပ်ထားသောပညာရေးဝန်ထမ်းများကို တစ်ဦးချင်း လိုက်လံဆက်သွယ်ပြီး အခွင့်အရေးနှင့်ရာထူးများဖြင့် မက်လုံးပေးကာ အလုပ်ပြန်ဝင်ရန် စည်းရုံးနေမှုအပေါ် စစ်ကောင်စီ၏ ကျောင်းများတွင် သင်ကြားနေသော ပညာရေးဝန်ထမ်းများ(Non -CDM)က မကျေမနပ်ဖြစ်နေကြောင်း Non CDM အသိုင်းအဝိုင်းထံမှ သိရသည်။

Non CDM ကျောင်းအုပ်များမှတစ်ဆင့် CDM ပညာရေးဝန်ထမ်းများကို ဆက်သွယ်စည်းရုံးရာတွင် ကျောင်းသို့လာပါက လမ်းတွင် စစ်ဆေးမေးမြန်းခံရခြင်းနည်းပါးစေရန် ကျောင်းအုပ်ထောက်ခံစာထုတ်ပေးခြင်း၊ သွားလာရလွယ်ကူစေရန် မိမိအိမ်နှင့်နီးသော ကျောင်းသို့ ပြောင်းရွှေ့တာဝန်ချထားပေးခြင်းစသည်တို့ကို လုပ်ဆောင်ပေးမည်ဟုဆိုကာ စည်းရုံးနေကြောင်း ၎င်းတို့က ဆိုသည်။

ထိုသို့စည်းရုံး​မှုကို ​ယခုအချိန်ထိရာထူးမတိုးသေးသည့်အပြင် အဝေးနယ်များတွင် တာဝန်ထမ်းဆောင်နေရသည့် Non-CDM ပညာရေးဝန်ထမ်းများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီဘက်က CDM ပညာရေးဝန်ထမ်းများကို ထိုကဲ့သို့ မက်လုံးပေးစည်းရုံးနေသည့်ကိစ္စမှာ မှန်ကန်သည်ဟုလည်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (NUG-MoE) လက်အောက်ရှိ ရန်ကုန်တိုင်း မြို့နယ်ပညာရေးဘုတ်တာဝန်ခံ အချို့က အတည်ပြုသည်။

“စစ်ကောင်စီက သူ့လက်အောက်ကပညာရေးမှူးတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ပုံပါပဲ။ လူဘယ်နှယောက်စည်းရုံးနိုင်ရင် ရာထူးတိုးပေးမယ်ဆိုတဲ့ပုံစံမျိုးတွေလည်း ကြားရပါတယ်။ အခုဆက်သွယ်တာကလည်း အလယ်တန်းပြတွေကို အဓိကထားပြီး ဆက်သွယ်တာများပါတယ်။ စစ်ကောင်စီရဲ့ပညာရေးယန္တရားက ဆရာလိုအပ်ချက်မြင့်မားနေလို့ ဆရာအင်အား ဘယ်လိုမှ မလုံလောက်လို့ CDM တွေကို ပြန်ဆက်သွယ်တယ်ဆိုတာကလည်း ထင်ရှားပါတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်တာဝန်ခံတစ်ဦးက CJ Platform သို့ ပြောသည်။

စစ်ကောင်စီ၏ ရာထူး၊ အခွင့်အရေးနှင့် မက်လုံးပေးကာ စည်းရုံးမှုများကြောင့် CDM အချို့ အလုပ်ပြန်ဝင်မည်ဟု ကြားနေရပြီး ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် CDM ယန္တရားကို ပျက်ပြားအောင်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီဘက်က အခုလိုလုပ်နေတာက တခြား CDM တွေအနေနဲ့ ပိုပြီးသတိထားရမယ်ထင်ပါတယ်။ CDM ဦးရေ နည်းသွားပြီဆိုမှ ကျန်ခဲ့တဲ့သူတွေကို လိုက်ဖမ်းနိုင်တာမျိုး ဖြစ်နိုင်ပါတယ်” ဟု CDM ဆရာမတစ်ဦးက သူ၏ ထင်မြင်ယူဆချက်ကို CJ Platform သို့ ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ CDM ပညာရေးဝန်ထမ်းများကို ​ပြီးခဲသည့်လကတည်းက
စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် အလုပ်ပြန်ဝင်ရန် ဆက်သွယ်စည်းရုံးနေခဲ့ခြင်းဖြစ်သော်လည်း ယခုလထဲတွင်မူ ထိုသို့ဆက်သွယ်စည်းရုံးမှုများ ပိုများလာသည်ဟု မြို့နယ်ဘုတ်အဖွဲ့ တာဝန်ခံများ၏ ပြောကြားချက်အရသိရသည်။