ရန်ကုန်ရှိ မြောင်းကျော်ဆိုင်ခန်းဖယ်ရှားမှုတွင် စစ်ကောင်စီတပ်သားများ ပစ္စည်းများအဓမ္မယူဆောင်ဟုဆို

Author ကိုထက်
Categories
Published on Jan 17, 2024

ရန်ကုန်ရှိ ဈေးလမ်းမကြီးများပေါ်က ရေမြောင်းကျော်ဆိုင်ခန်းများကို မြို့တော်စည်ပင်နှင့်ပေါင်း၍ စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းစေမှုတွင် ဆိုင်ခန်းပိုင်ရှင်များ၏ ပစ္စည်းများကို အဓမ္မယူဆောင်သွားမှုများရှိနေကြောင်း ကြုံတွေ့ခဲ့ရသည့် ဆိုင်ရှင်များက ပြောသည်။

 

စစ်ကောင်စီတပ်သားများသည် ဆိုင်ခန်းများကို အလျင်စလိုလာရောက်ဖြတ်ခိုင်းကာ ပြောသည့်အတိုင်းလုပ်ပေးနေသည့်ကြားမှ ပစ္စည်းများကို ကားပေါ်တင်သွားကြောင်း ဆိုကြသည်။

 

“လေးလမ်းသွားလုပ်မယ်ဆိုပြီး စည်ပင်တွေရော၊ စစ်တပ်တွေရော ရောက်လာတယ်။ ပြီးတော့ ချက်ချင်းဖျက်ခိုင်းတယ်။ သူတို့ပြောသလိုပဲ ချက်ချင်းလုပ်နေတဲ့ကြားက ပစ္စည်းတချို့ကို ကားပေါ်ကိုတင်သွားကြတယ်” ဟု လှိုင်သာယာမြို့နယ် မီးခွက်ဈေး ဗိုလ်အောင်ကျော်လမ်းမကြီးပေါ်က ဆိုင်ရှင်တစ်ဦးက ပြောသည်။

 

၎င်းက ဆက်လက်ပြီး ဆိုင်၏အနေအထားနှင့်ပတ်သက်၍ “ကျွန်မတို့က အရမ်းလည်းကျော်မနေပါဘူး။  မြောင်းရှေ့မှာ သိသိသာသာရှိနေတာမဟုတ်ဘူး။ အဲဒါကိုအတင်းအဓမ္မပါပဲ” ဟု ပြောသည်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှစတင်ပြီး ရန်ကုန် မြို့နယ်အချို့ရှိ ဈေးလမ်းမကြီးများပေါ်က ‌ရေမြောင်းကျော်ဆိုင်ခန်းများကို စည်ပင်က စစ်တပ်နှင့်ပေါင်းပြီး ဖျက်ခိုင်းနေခြင်းဖြစ်သည်။

 

“စည်ပင်ကို အစကနားလည်မှုနဲ့ ဆိုင်မှာက ပစ္စည်းများတော့ ရေမြောင်းနည်းနည်းကျော်သလိုလေး ဆိုင်က ခင်းထားတာပေါ့။ တစ်ခါတလေဆို သူတို့(စည်ပင်)ကို ပိုက်ဆံပေးရတယ်။ အခုဖျက်ရမယ်ဆိုတော့ ချက်ချင်းပဲဖျက်ပေးတာကို စစ်တပ်က ပစ္စည်းတွေကို ကားပေါ်ကိုတင်တာ” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ရေမြောင်းကျော်အဆောက်အအုံများ၊ ဆင်ခြေဖုံးမြို့နယ်များမှ ကျူးကျော်များကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေးကော်မတီက စစ်ကောင်စီတပ်သားများနှင့်အတူ ဖယ်ရှားနေသည်။

 

လက်ရှိတွင် လှိုင်သာယာ၊ ရွှေပြည်သာ စသည့်မြို့နယ် ဈေးလမ်းမကြီးများကို စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။