ရန်ကုန်ရှိ မြဝတီအရာရှိရိပ်သာကို ဖောက်ခွဲတိုက်ခိုက်

Author ကိုထက်
Categories
Published on Mar 10, 2024

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ စစ်တပ်အရာရှိအများအပြားနေထိုင်သည့် မြဝတီအရာရှိရိပ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းရိပ်သာအနီး နေထိုင်သူများထံမှ သိရသည်။

 

“အဲဒီအိမ်ရာဝန်းထဲမှာက မြဝတီတပ်က လူတွေရယ်၊ ဦးပိုင်ကုမ္ပဏီဝန်ထမ်းက တပ်ကနေ အရပ်ဘက်ပြောင်းတဲ့ ဗိုလ်မှူးအဆင့်အရာရှိတွေ အများကြီးနေတဲ့အိမ်ရာ။ မနက် ၄ နာရီ ၁၅‌ မိနစ်လောက်က ကြားရတာ။ တော်တော်ကျယ်တယ်အသံက” ဟု ယင်းရိပ်သာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

 

ယင်းပေါက်ကွဲမှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဆီ အဓိကတင်သွင်းဖြန့်ဖြူးနေသည့် စစ်ကောင်စီ၏ MEC အရာရှိများနေထိုင်ရာနေရာဖြစ်သည့်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

“အဲဒီနားမှာ အုပ်ချုပ်ရေးမှူးရုံးတွေရော၊ အဲဒီရိပ်သာက အတွင်းဘက်နည်းနည်းကျတယ်နေရာက။ အထိအခိုက်ကတော့ လူနာတင်ကားတွေဘာတွေ ဝင်သွားတာမတွေ့ရဘူး။ ဟိုဘက်က သတိပေးတဲ့အနေနဲ့ ဖောက်ခဲ့တာဖြစ်မယ်။ စစ်သားတွေရော၊ ရဲတွေရော လမ်းပိတ်ပြီး လာသမျှကားတွေ၊ လူတွေကို စစ်တာတွေတော့ ရှိတယ်” ဟု ရန်ကုန်မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

 

ထိုဖောက်ခွဲမှုအတွင်း လူထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းပကဖထုတ်ပြန်ချက်အတွင်း ဖော်ပြခဲ့ခြင်းမရှိသကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားရာအနီးနေထိုင်သူများကလည်း အစစ်အဆေးများနေခြင်းကြောင့် သိရှိရခြင်းမရှိသေးပေ။

 

အဆိုပါနေရာသည် စစ်တပ်ဧရိယာဝန်းကြီးတစ်ခုအဖြစ် ရန်ကုန်မြို့လယ်တွင် တည်ရှိနေခြင်းဖြစ်ပြီး အောင်ဆန်းကွင်းနှင့် ထွေအုပ်ရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဧရိယာအနီးတွင်လည်း စစ်တပ်ဈေးလည်းရှိနေကာ ယခု သတင်းရေးသားချိန် မွန်းလွဲ ၁ နာရီခွဲခန့်အထိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ထိုနေရာအနီးဖြတ်သန်းသွားလာခဲ့သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၈ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ်ရှိ လေတပ်ဝန်ထမ်းအိမ်ရာဝန်းလည်း ဖောက်ခွဲတိုက်ခိုက်မှုခံခဲ့ရသေးသည်။ ယခုမတ်လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့အတွင်း ဗုံးပေါက်ကွဲမှုများ နေရာအများအပြားတွင် ဖြစ်ပွားခဲ့သည်။