ရန်ကုန်မှာ လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေ

Author ခေတ်နီ
Categories
Published on Sep 02, 2022

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၏ နေရာအနှံ့တွင် လူငယ်အများအပြားပျောက်ဆုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး ပျောက်ဆုံးသူ လူငယ်များအနက် အများစုမှာ အမျိုးသမီးငယ်များ ဖြစ်နေကြောင်း CJ Platform မှ စုံစမ်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုမရှိတောာ့သည့် အချိန်တွင် လုယက်မှုများပေါများလာခြင်းနှင့်အတူ လူပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေလျှက်ရှိနေသည်။

“ကျွန်မညီမလေးဆိုလည်း လွန်ခဲ့တဲ့တပတ်လောက်က ပျောက်သွားတာ သူကအမြဲ အလုပ်သွားအလုပ်ပြန်ပဲ အဲ့နေ့အလုပ်ကပြန်တော့ လိုင်းကားပေါ်တက်သွားတာကို သူ့အလုပ်ဖော်တွေက တွေ့လိုက်သေးတယ် ပြီးတော့ ပြန်ရောက်မလာပဲ အဆက်အသွယ်ပြတ်သွားတာ နောက်၃ရက်ကြာတော့ လှည်းကူးဖက်ရောက်နေတာဆိုပြီး အုပ်ချုပ်ရေးမှူးရုံးကနေပြောလာလို့ သွားပြန်ခေါ်ရတယ် သူ့မှာပါတဲ့ ပစ္စည်းအားလုံးပဲပါသွားတာ ဖြစ်ခဲ့တာတွေလဲ တချို့ပဲပြန်မှတ်မိတယ်”ဟု ကြည့်မြင်တိုင်မြို့နယ်မှ လူပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့သည့် မိသားစုဝင်တစ်ဦးက ပြောသည်။

ယခုလို လူပျောက်ဆုံးမှုများတွင် မိသားစုဝင်များက ပြန်လည်တွေရှိခဲ့သည့် ဖြစ်စဉ်များ ရှိသလို ယနေ့အချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးဘဲ သတင်းအစအနပင်မရရှိခဲ့သည့် ဖြစ်စဥ်များလဲ ရှိနေသည်။

“သူ့ကို ဆီဆိုင်နားက မှတ်တိုင်မှာ ကားစောင့်နေတုန်း လူ၂ယောက်က ပါးစပ်ပိတ်ပြီးကားနဲ့တင်ခေါ်သွားတာ အဲ့တာတောင် မြင်လိုက်တဲ့သူက ပြန်ပြောပြတာလို့သိရတာ အဲ့မှတ်တိုင်ကလူတွေကလည်း ဒီအတိုင်းပဲကြည့်နေကြတာတဲ့ စိတ်ပူတာပေါ့ ဘာသတင်းမှလဲမရဘူး ရဲစခန်းလဲသွားတိုင်သေးတာပဲ ဘာမှထူးမလာဘူးလေ “ဟု အရှေ့ဒဂုံမြို့နယ်အတွင်းပျောက်ဆုံးသွားခဲ့သည့် အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူမှ CJ Platform ကိုပြောသည်။

ယခုလိုမျိုး လူပျောက်ဆုံးမှုများနှင့် လုယက်ခံရမှုများကို ကာယကံရှင်များမှ သက်ဆိုင်ရာနယ်မြေရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်ပြီး လူပျောက်တိုင်တန်းမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း ဖြေရှင်းပေးမှု တစ်စုံတရာပင်မရှိခဲ့ဖူးဘူးလို့လဲ သိရသည်။

လူပျောက်ဆုံးလုယက်မှုများမှာ တို့ဆေးအသုံးပြုပြီး လုပ်ဆောင်မှုများရှိနေတယ်လို့ အများပြည်သူများအကြားမှာ ပြောဆိုနေကြတာတွေရှိနေပြီး တို့ဆေးဟူသည့် အကြောင်းအရာနှင့် ပက်သက်ပြီး CDMဆရာဝန်တစ်ဦးကလဲ ယခုလိုပြောပြသည်။

“တို့ဆေးသာတကယ်ရှိရင် ကျတော်တို့ မေ့ဆေးဆရာဝန်တွေ ဘယ်လိုတော့မှာလဲ လုဝယ်တာကြာပေါ့ တခုတော့ရှိတယ် Ketamine ပေါ့ သူကအကိုတို့ ခွဲစိတ်ခန်းမှာ အပျော့စားအနေနဲ့သုံးတယ်
ဝမ်းစီစီလောက်ကနေစထိုးရတာပေါ့ အဲ့မှအာနိသင်ကစတယ် မိန်းမောစေတာလောက်ပဲ ၃နာရီအတွင်း အာနိသင်ပျယ်တယ် အဓိကကတော့ အသေးစားဒဏ်ရာလေးတွေ အတွက်ပဲသုံးတာ အပ်ထိပ်နဲ့ထိုးတာနဲ့တော့ အာနိသင်စမပြဘူးပေါ့လေ နောက်တစ်ခုကတော့ Scopolamine ပေါ့။ ဒါက မူးယစ်ဖြတ်တဲ့နေရာတို့ ကားမူးလေယာဥ်မူးတာပျောက်တဲ့ဆေးတွေမှာ ပမာဏနည်းနည်းပါတတ်တယ်။ ပမာဏများရင်တော့ လူကသတိမေ့သွားတတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်မှုမရှိတော့တဲ့ လဏ္ခာတွေတော့ရှိတယ်။ အခုဖြစ်နေတာတွေက အဲ့ကောင်ကိုသုံးတာလို့ပဲယူဆလို့ရမယ် သူတို့ပြောသလိုအာနိသင်နဲ့ တို့ဆေးဆိုတာက ရှိမှမရှိရယ် ရှိရင်လဲဆရာဝန်တွေလုဝယ်နေပြီ”ဟု CDM မေ့ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကောင်းထက်(အမည်လွှဲ)ကရှင်းပြသည်။

ရန်ကုန်မြို့အတွင်း လူပျောက်ဆုံးမှုများဖြစ်ပေါ်နေခြင်းနှင့် ပက်သက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်နေသည်များကို သိရှိနိုင်ရန် အရှေ့ဒဂုံမြို့နယ် ရဲစခန်းသို့ CJ Platform မှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ အရာရှိတစ်ဦးမှ “သိချင်ရင် မင်းကိုယ်တိုင်လာခဲ့လေ —“ဟု မိုက်ရိုင်းစွာ တုံ့ပြန်ဆဲဆိုခဲ့ပြီးနောက် ဖုန်းချသွားခဲ့သောကြောင့် မေးမြန်းခွင့် မရရှိခဲ့ပါ။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ရာဇဝတ်မှုများ ပိုမိုများပြားလာခဲ့ပြီး ပြည်သူများအနေဖြင့် လုံခြုံစွာနေထိုင်ရခြင်း မရှိသည့်အပြင် ကုန်စျေးနှုန်းများ မြင့်တက်ခြင်းကြောင့် စားဝတ်နေရေးများပါ ကျပ်တည်းလာခဲ့ကြသည်။