“ရန်ကုန်မှာ မူးယစ်ဆေးတွေကို ဘယ်သူတွေ ဖြန့်နေသလဲ”

Author မောင်ဒဂုံ
Categories
Published on Sep 05, 2022

ယခင်ကတည်း မူးယစ်ဆေးဝါး မှောင်ခို စျေးကွက် ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းကာလ နောက်ပိုင်း ပိုပြီး အခြေအနေတွေ ဆိုးလာနေပါတယ်။

သမ္မတဦးဝင်းမြင့်လက်ထက်က မူးယစ်ဆေးဝါး သတင်းပေးတိုင်ကြားနိုင်တဲ့ သမ္မတရုံး အမိန့် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက် အဓိက လက်ကြီး သမားတွေကို မထိန်းချုပ်နိုင်ခဲ့ပေမယ့် လူငယ်တွေ အကြား မူးယစ်ဆေးဝါး သုံးစွဲမှုတွေက အဟန့်အတား တစ်ခုတော့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်က ဘေးပတ်ဝန်းကျင်က သံသယနဲ့ ဖုန်းဆက်တိုင်ရင်ကို လာဖမ်းတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

” ကျွန်တော့်မှာ ဆေးခြောက် ၂ ဂရမ်လောက်လေး သူငယ်ချင်းစီက နည်းနည်းယူလာတာ။ တစ်ယောက်ယောက် ကြပ်လိုက်တယ် ထင်ပါတယ်။ အိမ်ပေါ်ထိ တက်ဖမ်းတာပဲ။ ဒါနဲ့ ကျွန်တော် ထောင်ကျသွားတယ်။ တစ်နှစ်” လို့ ၂၀၂၀ခုနှစ်က ဆေးခြောက်အနည်းငယ်နဲ့အတူ ဖမ်းဆီးခံခဲ့ရတယ် မောင်ကျော် (အမည်လွှဲ)က ပြောပါတယ်။

မောင်ကျော်က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးပါ။ ၂၀၂၀ခုနှစ် နှစ်စပိုင်းမှာ ဖမ်းဆီးခံခဲ့ရပေမယ့် ၂၀၂၁ခုနှစ် လွတ်လပ်ရေးနေ့မှာ မောင်ကျော် သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထု သပိတ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ မောင်ကျော်က

” ကျွန်တော့်ကို သမ္မတကြီး ဦးဝင်းမြင့် ပြန်လွှတ်ပေးတာ။ မင်းအောင်လှိုင် မဟုတ်ဘူး” လို့ ပြောပြလေ့ ရှိပါတယ်။

လူထုသပိတ်တွေ အရှိန်အဟုန် ကောင်းခဲ့စဥ် လတွေတုန်းက စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် အချို့ဟာ မူးယစ်ဆေးဝါး ရောင်းချတာတွေ၊ ဝယ်ယူတာတွေကို အရပ်သား အသွင်ယူပြီး လုပ်ဆောင်တာတွေ ရှိခဲ့တယ်လို့လည်း မောင်ကျော်က ပြောပါတယ်။

ဒါ့အပြင် ရဲမိသားစုဝင်တွေထဲက ကလေးသူငယ်တွေ၊ ငယ်ရွယ်သေးတဲ့ လူငယ်တွေကို မူးယစ်ဆေးဝါး ရှာဝယ်ခိုင်းတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

” စခန်းထဲက ရဲ သားသမီးတွေ ၁၁နှစ် ၁၂နှစ်လောက်ပဲ ရှိဦးမယ်။ WY လာယူတာကို တွေ့လိုက်ရတယ်။ ကျွန်တော့်မှာ အသိတွေ ရှိတယ်လေ။ ” လို့ မောင်ကျော်က ပြောပါတယ်။

မောင်ကျော် ကြုံတွေ့ခဲ့ရတာတွေ အပြင် လူထုသပိတ်အားကောင်းစဥ် ကာလတွေမှာ အကာအရံတွေနဲ့ ရပ်ကွက်တွေထဲ မျက်နှာစိမ်းတွေကို WY ဆေးပြားတွေနဲ့အတူ ပြည်သူတွေ ဖမ်းမိတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

၂၀၂၁ခုနှစ် မတ်လတုန်းက တာမွေမြို့နယ်ထဲက နာမည်ကြီး ရပ်ကွက်တစ်ခုထဲကို WY ဆေးပြား အလုံး ၅၀၀ လောက်သယ်ပြီး ဆိုက်ကယ်စီး ဝင်လာတဲ့ သူ နှစ်ဦးကို ရပ်ကွက်နေပြည်သူတွေနဲ့အတူ ဝိုင်းဝန်း ဖမ်းဆီးခဲ့ဖူးတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦး ဖြစ်တဲ့ ကိုမျိုးကို က ပြောပြပါတယ်။

အဲ့ဒီနောက် လူထုသပိတ်တွေ ရပ်ကွက်တွေထဲ အကြမ်းဖက် စီးနင်း ခံခဲ့ရပြီး ဆန္ဒပြပြည်သူ အများအပြား သွေးမြေကျခဲ့ရတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့ပါတယ်။

လူငယ်အများအပြား လက်နက်ကိုင် တော်လှန်ရေး အတွက် လွတ်မြောက်နယ်မြေတွေစီ ထွက်ခွာသွားခဲ့ပေမယ် မြို့ပေါ်မှာလည်း အားမတန်လို့ ငြိမ်နေရတဲ့ လူငယ်အများအပြား ကျန်ခဲ့ပါတယ်။

လူထုသပိတ်တွေ အကြမ်းဖက် ဖြိုခွင်းခံရလို့ ငြိမ်သက်ခဲ့ရတဲ့ အချိန်ဖြစ်တဲ့ ၂၀၂၁ခုနှစ် မေလမှာ WY ဆေးပြားတွေဟာ တစ်လုံးကို ကျပ် ၇၀၀ ဝန်းကျင်သာ ပေါက်စျေး ရှိပါတော့တယ်။

ဒီအချိန်မှာပဲ ရန်ကုန်မှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေက ပိုပြီး အဖမ်းအဆီး မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။ သရက်သီး ရောင်းချသလို ဗန်းနဲ့ခင်းပြီး ရောင်းချမှုမျိုးတွေပါ လွတ်လွတ်လပ်လပ် လုပ််ကိုင်နေတဲ့ နေရာတွေလည်း ပိုများလာပါတယ်။

ယခင်ကလည်း ဒီလို မူးယစ်ဆေးဝါးကို စျေးတန်းတစ်ခုလို ရောင်းတဲ့ နေရာတွေ ရန်ကုန်မှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ မျက်နှာသိတွေပဲ ဝင်ထွက် ဝယ်ယူလို့ ရတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်မှ မြေအောက် လောကသား တစ်ဦးက ပြောပါတယ်။

သူပြောပြတာတွေထဲမှာ အင်းစိန်ကမ်းနားလို နေရာမျိုးတွေ၊ ဒေါပုံမြို့နယ်ထဲက ဆင်ခြေဖုံးရပ်ကွက်အချို့တွေ လည်း ပါဝင်ပါတယ်။

ဒီနေရာတွေဟာ စစ်အာဏာသိမ်း ကာလတွေမှာ မူးယစ်ဆေးဝါး မျိုးစုံကို လူငယ်တွေ လွယ်လင့်တကူ ဝယ်ယူလို့ ရတဲ့နေရာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

အင်းစိန်ကမ်းနားလို လူစည်ကားတဲ့ ရပ်ကွက်တွေထဲမှာဆိုရင် အမျိုးအမည် စုံတဲ့ မူးယစ်ဆေးဝါးတွေကို စျေးပေါပေါနဲ့ လွယ်လင့်တကူ ပေါပေါတင်တင်ပဲ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ယခုလိုအချိန်မျိုးမှာ ရန်ကုန်က မူးယစ်မှောင်ခို စျေးကွက်ထဲမှာ WY တစ်လုံး ပေါက်စျေး ၇၀၀ကျပ်ကနေ ကျပ် ၁၀၀၀ ကြားမှာ ရှိခဲ့ပေမယ့် အင်းစိန်ကမ်းနားမှာတော့ ကျပ် ၄၀၀ အောက်သာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဘိန်းဖြူ၊ အိုက်စ် စတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း တရားဝင် ရောင်းချသလိုမျိုး ဝယ်ယူလို့ ရနေတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

” ရဲတွေက ကမ်းနား အဝင်ဘက်မှာ မရှိဘူး။ သူတို့က ပြန်အထွက် ထိပ်မှာ အမြဲ ရှိတယ်။ ဒီတော့ ပြန်ထွက်ရင် အခြား တစ်လမ်းက ထွက်ရတယ်။ ဓာတ်မသိတဲ့ သူတွေက ပုံမှန်အတိုင်း ပြန်ထွက်ရင်တော့ စောင့်ကြည့်နေတဲ့ ရဲတွေက ဖမ်းမှာပဲ။ ပြီးရင် ညှိပေတော့ပဲ” လို့ အင်းစိန်ကမ်းနားက မူးယစ်ဆေးဝါး စျေးတန်းအကြောင်းကို သိရှိသူတစ်ဦးက ပြောပြပါတယ်။

ဒီလိုမျိုး မူးယစ်ဆေးဝါးတွေကို စျေးတန်းတစ်ခုလို ရောင်းချနေသူတွေဟာ ရန်ကုန်မှာ အရပ်အခေါ် ဇိုး လို့ ခေါ်တဲ့ မြို့ခံ လူမိုက်တွေ အများစု ပါဝင်နေတယ်လို့လည်း သိရပါတယ်။

သူတို့ကို စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေမှာ မပါဝင်လာဖို့နဲ့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လူငယ်တွေကို မူးယစ်ဆေးဝါး နွံ နစ်စေပြီး ဆန္ဒပြပွဲတွေ ပါဝင်လိုမှု နည်းသွားအောင် ပြုလုပ်ဖို့ ရည်ရွယ်ပြီး ရဲတွေက လွှတ်ပေးထားတာ ဖြစ်နိုင်တယ်လို့ အင်းစိန်မြို့နယ်က လူငယ်တစ်ဦးက ယူဆပြောပါတယ်။

ဒီလိုမျိုး အဖမ်းအဆီးတွေ မရှိသလောက် ဖြစ်သွားတဲ့အပြင် WY လိုမျိုး စိတ်ကို ပြောင်းလဲစေတဲ့ စိတ်ကြွဆေးတွေ ပေါပေါသီသီ ဖြစ်လာတဲ့အတွက် စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ အင်းစိန်က လူငယ်အချို့ ဆန္ဒပြပွဲတွေထဲ ပါဝင်လိုမှုတွေ မရှိတော့တာတွေ ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။

” ကျွန်တော့် ဘော်ဒါတွေ အစက ဆန္ဒပြဖို့ဆို ထိပ်ဆုံးကပဲ။ WY တွေ တစ်လုံး ၄၀၀ နဲ့ ဝယ်လို့ ရသွားတဲ့ နောက်ပိုင်း ဒီကောင်တွေက Facebook ပေါ်မှာပဲ တော်လှန်ကုန်တော့တယ်။ အပြင်ထွက် ပြေးလွှား ဆန္ဒပြဖို့ ခေါ်ရင် မလိုက်ကြတော့ဘူး” လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး” ဇိုးတွေကလည်း ပစ်(ရောင်း) နေတာ အရင်လို အဖမ်းအဆီးက မရှိတော့ဘူး။ အကြိုက်ရောင်း အကြိုက် ပိုက်ဆံ ရှာဆိုတော့ နဂိုထဲက လူမိုက်တွေ ဆိုတော့ ဘာခံယူချက်မှ သိပ်မရှိသူတွေ အများကြီး။ သူတို့တွေက ဘယ်သူသေသေ ငတေမာရင် ပြီးရောပဲ။ ရဲတွေနဲ့ ညှိပြီး လုပ်ကြတော့တာပဲ” လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်း ကာလမှာ မူးယစ်ဆေးဝါးတွေ စျေးပေါလာသလို အဖမ်းအဆီး တွေလည်း အလွန် နည်းသွားပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒါက ဖမ်းဆီးခံရသူတွေစီက ငွေညှစ်ဖို့က အဓိကဖြစ်တယ်လို့ ငွေပေးပြီး ပြန်လွတ်လာသူ အချို့က ပြောပြပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ကင်းလှည့် စစ်ဆေးမှုတွေမှာ အဓိက စစ်တာတွေက စစ်တပ်ကို ဆန့်ကျင်သူ ဟုတ်မဟုတ်၊ တော်လှန်ရေး တပ်သား၊ သပိတ် အဖွဲ့ဝင် ဟုတ်မဟုတ်တွေ သာ ဖြစ်ပါတယ်။

ဒီလို စစ်ဆေးမှုတွေ ပြုလုပ်နေရင်း မူးယစ်ဆေးဝါးတွေ တွေ့သွားရင် တွေ့တဲ့ ပမာဏကို ကြည့်ပြီး စစ်ကောင်စီ တပ်ဖွဲ့တွေက ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတတ်တယ်လို့ သိရပါတယ်။

” ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ့သွားလို့ စစ်ကြောရေး နှစ်ရက်လောက်ရောက်သွားတယ်။ ခြေအိပ်ထဲမှာ WY တစ်တန်း(ဆယ်လုံး) လောက်လည်း ပါလာတယ်။ အိတ်ထဲမှာလည်း ဝိ(ဆေးခြောက်) တွေပါတယ်။ ဒါပေမယ့် ဆေးခြောက်တွေ့သွားတဲ့ ကိစ္စကို သူတို့ စိတ်မဝင်စားဘူး။ လမ်းမှာလည်း ဂိတ်တွေမှာ တွေ့တာပဲ။ တစ်ဂိတ် တစ်သောင်းပေး ဖြတ်လာတာ။ ” လို့ လှည်းကူမြို့နယ်က အမှတ် ၁၁ တပ်ရင်းရဲ့ စစ်ကြောရေးမှာ နှစ်ရက်ကြာ ထိန်းသိမ်းခံခဲ့ရဖူး သူတစ်ဦးက ပြောပါတယ်။

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှု အကျပ်အတည်းကို ဆက်တိုက်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အလုပ်လက်မဲ့ဖြစ်လာမှုနှုန်းကလည်း မြင့်မားလာနေပါတယ်။

အလုပ်လက်မဲ့ အဖြစ် ဝင်ငွေ ခမ်းခြောက်မှု ဒဏ်ကို မခံနိုင်တောတဲ့ လူငယ် အများအပြားဟာ ငွေရပေါက်လွယ်ပြီး ခေတ်ကာလအရ အဖမ်းအဆီး နည်းနေချိန်မှာ မူးယစ်ဆေးဝါး ရောင်းချတဲ့ အလုပ်တွေကို လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ဒီလို ရွေးချယ်ခဲ့တဲ့ လူငယ်အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ပေါပေါသီသီ ဖြစ်နေတဲ့ မူးယစ်ဆေးဝါးတွေကို သူငယ်ချင်းတွေစီ လက်လီ ပြန်လည်ရောင်းချပေးတာဟာ ကိုယ်တိုင်အတွက် မူးယစ်ဆေးဝါးကို အခပေး စရာမလိုပဲ သုံးစွဲနိုင်သလို လွယ်လွယ်ကူကူနဲ့ အပိုဝင်ငွေ ရနိုင်တဲ့ အလုပ်တစ်ခု ဖြစ်တယ်လို့ သူတို့က ပြောပြပါတယ်။

” ကျွန်တော်တို့ ယူရင် ဥပမာ WY ဆို တစ်လုံး ၃၅၀ မနှစ်ကပေါ့။ အပြင်မှာ ပြန်မျှရင် တစ်လုံးကို ၁၂၀၀ လောက်ရတယ်။ အေးဆေးပဲလေ။ တစ်ရက်ကို သုံးလေးသောင်းကတော့ အသာလေးပဲ” လို့ တောင်ဒဂုံမြို့နယ်မှ မူးယစ်ဆေး သုံးစွဲရောင်းချခဲ့ဖူးသူ လူငယ်တစ်ဦးက ပြောပြပါတယ်။

ဒီလိုမျိုး မူးယစ်ဆေးဝါးကို ကိုယ်တိုင်လည်း သုံးစွဲ၊ ပြန်လည် ရောင်းချတဲ့ လူငယ်တွေထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိပါတယ်။

ဒါပေမယ့် အများစုကတော့ ရဲတွေနဲ့ ညှိနှိုင်းပြီး တစ်လ လိုင်းကြေး ဘယ်ရွေ့ ဘယ်မျှ ပေးရန် ဆိုတာမျိုးနဲ့ ပြန် လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

” အိမ်ပေါ်ကို အရပ်ဝတ်တွေနဲ့ တက်လာတယ်။ တံခါးဖွင့်လိုက်တော့ ခဏလိုက်ခဲ့ဖို့ ခေါ်တယ်။ လမ်းထိပ်မှာ ရပ်ထားတဲ့ ကားတစ်စီးပေါ် တက်ခိုင်းတယ်။ ကားပေါ်ရောက်တော့ မင်းမှာ ပစ္စည်းတွေ ရှိတာ သိတယ်။ မငြင်းနဲ့။ ငါတို့ တစ်ခုမှ မထိဘူး။ ဒါပေမယ့် တစ်လကို ငါးသိန်းကနေ ဆယ်သိန်းကြား လိုင်းကြေးပေးဖို့ ပြောတယ်” လို့ ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုမှာ နေထိုင်တဲ့ မူယစ်ဆေးဝါး သုံးစွဲရောင်းချခဲ့ဖူးသူ လူငယ် တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ရဲတွေ တောင်းတဲ့ လိုင်းကြေး ဒါမှမဟုတ် ညှိနှိုင်းတဲ့ ငွေကြေး ပမာဏကို မပေးနိုင်တဲ့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးပြီး ထောင်ချတာမျိုးတွေလည်း ရှိနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်တစ်ဦးကတော့ မူးယစ်ဆေးဝါး အနည်းငယ်နဲ့ ဖမ်းဆီးခံလိုက်ရပြီး အင်းစိန်ထောင်ထဲမှာ ချုပ်နှောင် တရားစွဲဆို ခံထားရပါတယ်။

နွမ်းပါးတဲ့ ဇနီးသည် အမျိုးသမီး ဖြစ်သူမှာလည်း ခင်ပွန်း ဖြစ်သူ အဖမ်းခံထားရလို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

” ဒီကောင်လေးက သူ့ဘာသာတောင် အလုပ်မရှိလို့ တိုင်ပတ်နေတာ။ ရောင်းစားတဲ့ သူလည်း မဟုတ်ဘူး။ ညစ်ပြီး ထွက်ပေါက်ရှာတဲ့ ပုံစံပဲ ရှိတာ။ အဲ့တာ အဖမ်းခံလိုက်ရတာ။ မိန်းမနဲ့ ကလေးကလည်း ငယ်သေးတယ်။ ရေ မပေါက်တော့ ခံရတာပဲ” လို့ ဖမ်းဆီးခံထားရတဲ့ လူငယ်နဲ့ သိကျွမ်းသူ တစ်ဦးက ပြောပြပါတယ်။

စစ်အာဏာ မသိမ်းခင်က ရန်ကုန်မှာ WY ဆေးပြားတွေဟာ အနိမ့်ဆုံး တစ်လုံးကို ကျပ် ၂၀၀၀ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းအပြီး လပိုင်းအကြာမှာတော့ WY တွေက တစ်လုံးကို ၇၀၀ကျပ် ဖြစ်သွားပါပြီ။ အဲ့ဒီနောက် သိပ်မကြာလိုက်ပဲ ၄၀၀ကျပ် ဝန်းကျင်နဲ့ကို အင်းစိန်ကမ်းနားလို နေရာမျိုးမှာ ဝယ်ယူလို့ ရသွားခဲ့ပါတယ်။

ရန်ကုန်တစ်မြို့လုံး အနှံ့မှာလည်း WY ဆေးပြားတွေကို တစ်လုံး တစ်ထောင်ကျပ် ဝန်းကျင်နဲ့ကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

” အသီး(WY)က ကြိုက်တဲ့ နေရာသွားဝယ် တစ်ထောင်မကျော်ဘူး။ ပြီးတော့ ကွာလတီကလည်း အရင်တုန်းကလို မဟုတ်ဘူး။ စိတ်မကြွဘူး စိတ်တွေပဲ ကျလာတယ်။ ဖျောဆော(ဘိန်းဖြူ) ပဲ ပြောင်း လုပ်ဖြစ်တယ်” လို့ ရန်ကုန်က မူးယစ်ဆေးဝါး သုံးစွဲရောင်းချခဲ့ဖူးသူ လူငယ်တစ်ဦးက ဆိုပါတယ်။

အခု မူးယစ်းဆေးဝါး စျေးကွက်ထဲ ပြန့်နေတဲ့ WY ဆေးပြားတွေမှာ ဘယ်လိုမျိုး ဓာတု ဓာတ်ပစ္စည်းတွေ ပါဝင်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ လေ့လားစမ်းစစ်ထားတာမျိုးတွေတော့ မတွေ့ရသေးပါဘူး။

ဒါပေမယ့် WY သုံးစွဲခဲ့ဖူးသူ လူငယ်တွေကို မေးမြန်းရာမှာတော့ ဆယ်ဦးမှာ ဆယ်ဦး စလုံးက အခု ပြန့်နေတဲ့ WY ဆေးပြားတွေကို သုံးစွဲတဲ့အခါ စိတ်ဓါတ် အလွန်အမင်း ကျဆင်းတာတွေ၊ လွန်ကဲတဲ့ သံသယစိတ်၊ ထင်ယောင်ထင်မှား ဖြစ်တာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သိသိသာသာကြီး ခံစားရတယ်လို့ ပြောပါတယ်။

ဒီအချိန်မှာ WY ပြန်လည်ရောင်းချလို့ ငွေကြေးရွှင်နေတဲ့ မူယစ်ဆေးရောင်းချ သုံးစွဲတဲ့ လူငယ်တွေက ပိုစျေးကြီးပြီး အန္တာရယ်ပိုများတဲ့ ဘိန်းဖြူလို မူးယစ်ဆေးတွေကို ပြောင်းလဲ သုံးစွဲတာတွေ ဖြစ်လာပါတယ်။

ဘိန်းဖြူ ပြောင်းလဲ သုံးစွဲခဲ့တဲ့ လူငယ်တွေဟာ ဖြတ်မရတဲ့ စွဲလန်းမှုကို မဖြစ်မနေ ကြုံတွေ့ရပါတယ်။

ဒါ့အပြင် ရုပ်ပိုင်း စိတ်ပိုင်းတွေကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်တာမျိုး ကြုံတွေ့ရတယ်လို့ သိရပါတယ်။

ဘိန်းဖြူ ၂ ဂရမ်လောက်ကို ငွေကျပ် တစ်သောင်းခွဲ ဝန်းကျင်ဖြင့် အလွယ်တကူ ဝယ်ယူ ရနိုင်နေခြင်းကလည်း လူငယ်တွေကြားမှာ ဘိန်းဖြူ သုံးစွဲမှု ပိုများလာစေတာကို တွေ့ရပါတယ်။

” ကျင်ပုလင်း တစ်လုံးကို နှစ်သောင်းလောက်နဲ့ ဝယ်လို့ရတယ်။ အချို့ နေရာတွေဆို တစ်သောင်းခွဲလောက်နဲ့ကိုရတယ်။ ဖျောဆောက ပိုအဆင့်မြင့်တယ်။ အသီး မသောက်တော့ဘူး” လို့ ရန်ကုန်မှ မူးယစ်ဆေးသုံးစွဲခဲ့ဖူးသူ လူငယ်တစ်ဦးက သူ့ရဲ့ ထင်မြင်မှုကို ပြောပါတယ်။

ဘိန်းဖြူ သုံးစွဲတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ အဆင်မပြေ မှုတွေ ဆိုးဆိုးရွားရွား ဖြစ်လာကြပြီး ဆေးဖြတ်ဆေးခန်းတွေမှာလည်း လူငယ်တွေ ပိုများလာတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က လူငယ်တွေအကြားမှာ မူးယစ်ဆေးဝါး မျိုးစုံ ပြန့်နှံ့လာမှုက ကြောက်စရာကောင်းတဲ့ အနေအထားကို ရောက်နေတာ တွေ့ရပါတယ်။

ရှမ်းပြည်ဘက်က မြို့နယ်အချို့မှာလိုမျိုး အစုလိုက်အပြုံလိုက် တစ်နေရာထဲမှာ စုပေါင်းပြီး မူးယစ်ဆေးသုံးကြတာမျိုးကို ရန်ကုန်မှာ တွေ့မြင်ရမှာ မဟုတ်ဘူး။

ရန်ကုန်က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးဟာ သိုသို သိပ်သိပ်နဲ့ကို ကျယ်ကျယ် ပြန့်ပြန့် ဖေဖောသီသီ ဝင်ရောက်လာနေပါတယ်။

စက်သုံးဆီ၊ဒေါ်လာစျေးတွေ အလွန်အမင်း မြင့်လာလို့ သယ်ယူပို့ဆောင်စရိတ်၊ စိုက်ပျိုးမွေးမြူရေး စရိတ်တွေ လိုက်တက်လာပြီး ကြက်ဥ တစ်လုံး ၃၀၀ကျပ်၊ ကိုလာ တစ်ဗူး ကျပ် ၇၀၀၊ ခေါက်ဆွဲတစ်ထုပ် ကျပ် ၆၀၀၊ ဆီတစ်ပိဿ ကျပ် တစ်သောင်း ဖြစ်လာပေမယ့် မူးယစ်ဆေးဝါးတွေကတော့ စျေးကျသထက် ကျလာနေပါတယ်။

ကိုလာ တစ်ဗူး ၇၀၀ကျပ် ဖြစ်နေချိန် WY ဆေးပြား တစ်ပြားဟာ ရန်ကုန်မှာ ကျပ် ၃၀၀ကျော်သာ ရှိနေပါတယ်။

ဒီလိုမျိုး ဖြစ်လာတာဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားမယ့် လူငယ်အများအပြားကို မူးယစ်နွံထဲ ရောက်ဖို့ တွန်းအားပေးနေပါတယ်။

ဒီဖြစ်စဥ် တစ်ခုလုံးမှာ စစ်ကောင်စီရဲ့ ရဲတွေ ပါဝင်နေတာကို တွေ့ရမှာပါ။

ဒါ့အပြင် စစ်ကောင်စီရဲတွေဟာ လူထုသပိတ်မှာ ပါဝင်သူတွေ၊ တော်လှန်ရေး တပ်သားတွေကို ဖမ်းဆီးဖို့အရေး အားသွန်ခွန်စိုက်ကြိုးစားကြပေမယ့် မူးယစ်ဆေးဝါး ကိစ္စမှာတော့ စခန်းမှာ လာရောက် အဖမ်းခံရင်တောင် အလုပ်ရှုပ်တယ်ဆိုပြီး ပြန်လွှတ်တဲ့ ဖြစ်စဥ်မျိုး ပြီးခဲ့တဲ့ အပတ်က အင်းစိန်မှာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်က မူးယစ်ဆေးဝါး ဖမ်းမိတဲ့ ဖြစ်စဥ်တစ်ခုမှာ ရဲတပ်ဖွဲ့ဝင် တွေ အခကြေးငွေ ယူပြီး ပြန်လွှတ်ပေးလို့ ဆက်ရောင်းနေတာပါလို့ ဖမ်းမိသူတွေက ပြောတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ဒါကြောင့် တော်လှန်ရေးအတွက် အရေးပါတဲ့ လူငယ်တွေ မူးယစ်နွံထဲ မနစ်သွားစေရေး တားဆီးမှုတွေ အရေးတကြီး ပြုလုပ်ဖို့ လိုနေပြီလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

” တစ်ခုလုံးကို ကြည့်လိုက်။ ရဲတွေ လိုင်းကြေးယူ လွှတ်ပေးထားတယ်။ ယူရင် ဘယ်က ယူရလဲ အရင်းစစ်ရင် ရဲတွေ စီကပဲ။ ပြီးရင် သူတို့ပဲ စောင့်ကြည့်တယ်။ ဖမ်းတယ်။ ငွေညှစ်တယ်။ လူငယ်တွေက ဆေးစွဲသွားတယ်။ ထောင်ကျကုန်တယ်။ ဒါ အမြန်တား မှရမယ်။” လို့ အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။