ရန်ကုန်မြို့လယ်တွင် စစ်ကောင်စီတပ်က ဗုံးတစ်လုံးကို ဖောက်ခွဲရှင်းလင်း

Author အောင်နိူင်သူ
Categories
Published on Oct 04, 2022

ရန်ကုန်မြို့လယ်ခေါင်ရှိ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်က လက်လုပ်ဗုံးတစ်လုံးကို ဖောက်ခွဲရှင်းလင်းလိုက်သည်ဟု မြို့ခံတွေဆီက သိရသည်။

ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီး၌ ယနေ့ နေ့လည် နှစ်နာရီက အထုတ်တစ်ထုပ်အား တွေ့ရှိ၍ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးရာ လက်လုပ်ဗုံးဖြစ်နေ၍ ယမ်းကပ်ဖျက်ဆီးတာဖြစ်သည်ဟု ၃၅ လမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

“ကြွတ်ကြွတ်အိတ်အမဲနဲ့ အထုတ်တစ်ထုတ်တွေ့လို့ အဲ့နားက သူတွေက စစ်တပ်ကို အကြောင်းကြားလိုက်တာ စစ်တပ်လာတော့ ဗုံးဖြစ်နေတယ် အဲ့ဒါနဲ့လမ်းဆုံမှာ ဖောက်ခွဲလိုက်တာ”ဟု ရှင်းပြသည်။

စစ်ကောင်စီတပ်များ ရောက်လာပြီးနောက် အဆိုပါလက်လုပ်ဗုံးကို မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်မှာပင် လမ်းပိတ်ပြီး ကားတာများခံကာ ဖောက်ခွဲခဲ့တာဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ကားလမ်းပိတ်ပေမဲ့ အကုန်စစ်သေးတာ ဗုံးတွေ့ယူသွား စစ်တပ်ဝင်းထဲ သွားဖောက်ပေါ့ လမ်းမပေါ်ဖောက်တော့ အကုန်လုံးက ထိန့်လန့်ကုန်တယ်”ဟု ရှင်းပြသည်။

ဗုံးဖောက်ခွဲပြီးနောက် စစ်ကောင်စီတပ်မှ လမ်းဖွင့်ပေးကာ ဆူးလေနှင့်အနီးတစ်ဝိုက်မှာ လှည့်ကင်းလှည့်နေသည်ဟုမြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လှိုင်၊စမ်းချောင်း၊လှိုင်သာယာနှင့်မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုများရှိခဲ့သည်။