ရန်ကုန်မြို့လယ်ခေါင်တွင် လူငယ်များ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရ

Author ကိုထက်
Categories
Published on Feb 28, 2024

ရန်ကုန်မြို့လယ်ခေါင်တွင် ယခုရက်ပိုင်းအတွင်း လူငယ်များ စစ်ကောင်စီတပ်သားများ၏ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံနေရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဖမ်းဆီးရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြသူများက ပြောသည်။

 

၎င်းတို့ကင်းလှည့်နေသည့် Double Cap ကားများ၊ Faw ကားများဖြင့် ရန်ကုန်ရှိ လူသွားလူလာများသည့် လမ်းဆုံလမ်းဂွများတွင် လူငယ်အမျိုးသားများကို အသက်မေးမြန်းပြီး ကားပေါ်အတင်းဆွဲတင်ကြကြောင်း ၎င်းတို့က ဆိုသည်။

 

“မနေ့ (ဖေဖော်ဝါရီ ၂၇) က ညနေ ၆ နာရီလောက်က ပန်းဆိုးတန်းမှတ်တိုင် ဗိုလ်ချုပ်လမ်းပေါ်မှာ ကားတွေနဲ့ရပ်ပြီး လမ်းလျှောက်လာတဲ့ လူငယ်တွေကို အသက်တွေမေး၊ အိတ်တွေစစ်ပြီး၊ ကားပေါ်ကိုအတင်းဆွဲတင်နေတာ။ ထွက်ပြေးကြတဲ့သူတွေလည်း ပြေးကြရတယ်။ ကျွန်တော်တို့တောင် အတင်းထွက်ပြေးလို့လွတ်တာ။ နှစ်ယောက်လောက်တော့ ပါသွားတယ်။ သေနတ်တွေ၊ ဘာတွေဖောက်တာမျိုးတော့မရှိဘူး” ဟု ထွက်ပြေးလွတ်မြောက်လာသူ လူငယ်တစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့လယ်နေရာများတွင် ကားများရပ်ကာ လမ်းသွားလမ်းလာများကို စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းတို့စစ်ဆေးရာနှင့် အနီး နေထိုင်သူများက ပြောသည်။

 

“သူတို့(စစ်ကောင်စီတပ်သားများ)က လမ်းဆုံမီးပွိုင့်တွေမှာ အချိန်တော်တော်ကြာရပ်ပြီး၊ လာသမျှလမ်းသွားလမ်းလာတွေကို သူတို့မသင်္ကာရင်‌ခေါ်ပြီး အိတ်တွေဘာတွေစစ်၊ မေးမြန်းတာတွေလုပ်တယ်။ မနေ့ကတော့ အတင်းကိုကားပေါ်တွေတင်တော့ ကလေးတွေပြေးကြလွှားကြတာတွေရှိခဲ့တယ်။ ပါသွားတဲ့သူတွေလည်း ပါသွားကြတယ်။ အိမ်ကကလေးတွေကိုတော့ အပြင်လုံးဝကိုမထွက်ခိုင်းဘူး” ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြီးနောက်ပိုင်း ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီတပ်သားများ အဓမ္မဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

မြို့နယ်အချို့တွင် စစ်‌ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီး ပြန်လွှတ်ပေးစေချင်ပါက တစ်ဦးလျှင် ကျပ် သိန်း ၃၀ အထိတောင်းကြောင်း ကြုံတွေ့ခဲ့ရသူများထံမှ သိရသည်။