ရန်ကုန်မြို့ရှိ အထင်ကရ ပန်းခြံဝင်ပေါက်များတွင် စစ်ဆေးမှုများ တင်းကြပ်နေ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

 

ရန်ကုန်မြို့ရှိ အထင်ကရ ပန်းခြံများဖြစ်သည့် ကန်တော်ကြီး၊ ပြည်သူ့ဥယျာဉ်တို့တွင် လာရောက်လာပတ်သူများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုတွေရှိသည်ဟု သွားရောက်လည်ပတ်သူတွေဆီက သိရသည်။

ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင် အစရှိသည့် ပန်းခြံများ၏ ဝင်ပေါက်များတွင် လာရောက်ပတ်သူများ၏ ကျောပိုးအိတ်နှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများပြုလုပ်သည်ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

“အိတ်တွေ၊ ဖုန်းတွေ ယူစစ်တယ်၊ ဒီထဲမှာ ပြောက်ကျားသပိတ်တွေ ကန်တော်ကြီးထဲ ဝင်လုပ်သွားတဲ့နောက် ဝင်ပေါက်တွေမှာ လုံခြုံရေးတွေ ချပြီး စစ်နေတာ တပ်နဲ့ ရဲနဲ့ အားလုံးပေါင်းပြီး စစ်ဆေးနေတယ်။ ပုံမှန်စစ်နေကြတော့ မဟုတ်ဘူး သတင်းအရ ရှောင်တခင်ပုံစံ စစ်စစ်နေတာ” ဟု CJ Platform ကိုပြောသည်။

ပြီးခဲ့သည့်ရက်က ကန်တော်ကြီးတံတားပေါ်တွင် လူငယ် ပြောက်ကျား ဆန္ဒပြတဲ့အဖွဲ့များက စာတမ်းချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပန်းခြံအဝင်တွေကို စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်သည်ဟု ကန်
တော်ကြီးပန်းခြံမှာ စျေးရောင်းသူတစ်ဦးက ပြောသည်။

“ပန်းခြံတွေမှာ ဆန္ဒပြသပိတ်လုပ်ဆောင်နေသူတွေရှိလို့ မသင်္ကာရင် စစ်ဆေးဖမ်းဆီးပါဆိုပြီး ညွှန်ကြားထားတယ်လူငယ်အချို့ အဖမ်းခံရတယ်လို့ ကြားတယ် ဒီပန်းခြံထဲမှာပဲ”ဟု စျေးရောင်းသူတစ်ဦးက CJ Platform ကိုပြောသည်။

အများပြည်သူအပန်းဖြေရာ ပန်းခြံများ၏ ဝင်ပေါက်ထွက်ပေါက်များတွင် စစ်ကောင်စီတပ်နှင့် ရဲများရှိနေခြင်းသည်ပြည်သူလူထုကို ခြိမ်းခြောက်သလိုဖြစ်နေသည်ဟု ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အများပြည်သူ လွတ်လွတ်လပ်လပ် အပန်းဖြေမယ့်နေရာမှာ ဒီကောင်တွေ ဒီလို ထင်တိုင်းစစ်နေတာ လုံခြုံရေးချထားတာတွေက ပိုစိတ်မလုံခြုံသလို ခံစားရတယ် ဘယ်သူက သွားချင်မှာလဲဗျာ လွတ်လွတ်လပ်လပ် အပန်းဖြေချင်လို့ ပန်းခြံလာပါတယ်ဆိုမှ တပ်တွေ ရဲတွေနဲ့ လုံခြုံရေးတွေချထားတော့ ဘယ်သူက သွားချင်မှာလဲ”ဟု ပြည်သူတစ်ဦးမှ သုံးသပ် ပြောသည်။

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်က တော်လှန်ရေးပြောက်ကျားအဖွဲ့ဖြစ်သည့် Yangon Revolution Force – YRF (Soft Strike Community) မှ လူငယ်များစုပေါင်းပြီး “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စာသားချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။