ရန်ကုန်မြို့ရှိ ကန်တော်ကြီးအနီး ရေမြောင်းတစ်ခု၌ သေဆုံးနေသူ တစ်ဦးအား တွေ့ရှိ

Author မေ
Categories
Published on Nov 14, 2022

 

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးရှိ ရေမြောင်းတစ်ခု၌ နိုဝင်ဘာ ၁၄ရက်က သေဆုံးနေသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးအနီး ကန်ပတ်လမ်းရှိ လက်ဝှေ့ရုံ အရှေ့ဘက်၌ အမှိုက်များ ပြည့်နေသော ရေမြောင်းအတွင်း သေဆုံးနေသော အလောင်းအား နိုဝင်ဘာ ၁၄ရက် မနက်ပိုင်းက အဆိုပါ နေရာ အနီးအနား၌ သွားလာနေသူများက စတင်တွေ့ရှိခြင်း ဖြစ်သည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင် အရွယ် အမျိုးသားဖြစ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်း၌ အဝတ်ဝတ်ဆင်ထားခြင်း မရှိဘဲ ပုဆိုးသာ ဝတ်ဆင်လျက် တွေ့ရှိရကြောင်း သိရသည်။

” ရေမြောင်းထဲမှာ သေဆုံးနေတာဘဲ။ အိမ်ခြေမဲ့နေထိုင်သူ အမျိုးသား ဖြစ်နိုင်ပါတယ်။ အနီးအနားမှာလည်း သူ့ကို သိရှိသူ ဘယ်သူမှ မရှိဘူး။ ဒဏ်ရာတွေလည်း မတွေ့တာနဲ့ စစ်ဆေးပြီး ဆေးရုံကြီး ပို့ပေးခဲ့ပါတယ်”ဟု မင်္ဂလာတောင်ညွန့် လူငယ် လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

သေဆုံးသူ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ရန်ကုန်မြို့၌ စီးပွားရေး ကျပ်တည်းလာ၍ နေထိုင်ရန် အဆင်မပြေမှုများကြောင့် လမ်းပေါ်၌ပင် ဖြစ်သလို ပျံ့ကျနေသူ များစွာ ရှိနေကြောင်း သိရသည်။ ၎င်းတို့မှာ လမ်းပေါ်၌ပင် ဖြစ်သလိုနေ၍ ရာသီဥတု ဆိုးရွားမှု၊ အစာအဟာရ မလုံလောက်မှုတို့ကြောင့် လမ်းပေါ်၌ပင် သေဆုံးရသူများ ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်၌ အိမ်ခြေမဲ့နေသူ အမျိုးသားတစ်ဦး သွေးအန်သေဆုံးမှု၊ အောက်တိုဘာ ၂၃ရက်ကလည်း ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်း အနီး၌ အိမ်ခြေမဲ့နေသူ အမျိုးသားတစ်ဦး အဟာရ ပြတ်ကာ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်း

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #မင်္ဂလာတောင်ညွန့်မြို့ #ပိုင်ရှင်မဲ့အလောင်း