ရန်ကုန်မြို့က အငှားတက်စီယာဉ်များ အဝါရောင်စတေကာ ကပ်ရမည်

Author ကိုထက်
Categories
Published on Oct 14, 2023

ရန်ကုန်မြို့က အငှားတက်စီယာဉ်များ အခြားယာဉ်များနှင့် မတူ ထင်သာမြင်သာ ရှိစေရန် အဝါရောင်စတေကာများ မဖြစ်မနေကပ်ရမည်ဟု YRTCက အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

City Taxi ယာဉ်များ၏ ဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း အနံ ၅လက်မခန့်ရှိ အလျားလိုက်လိုင်း Sticker ဖြင့် ယာဉ်၏ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အထိ (ဘေးမှန်ခွင်အောက်မှ) ကပ်ခြင်းကို လာမည်နိုဝင်ဘာလ ၁ရက်တွင် စတင်လုပ်ဆောင်ရမည်ဖြစ်သည်။

“အခုလိုကပ်ဖို့က အရင်တည်းက ပြောသံတော့ကြားတယ်။ အခုမှ တရားဝင် ထုတ်ပြန်တာပေါ့၊ ကပ်တဲ့စရိတ်စကလည်း သူတို့ဘက်ကနေ ကျခံပေးမှာလို့ပြောတယ်။ မကပ်မနေရဖြစ်မယ်ထင်တယ်။ မကပ်ထားတာတွေ့ရင်တော့ ဖမ်းပြီပဲပေါ့၊ အနည်းဆုံးတော့ ၃၊၄သောင်းပေးပေတော့ပဲ”ဟု ရန်ကုန်မြို့က City Taxi ယာဉ်မောင်းတစ်ဦးက ပြောသည်။

သတ်မှတ် Design အတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅,၀၀ဝကျပ်ကို နိုဝင်ဘာလ ၁ရက်မှ ၂၀၂၄ဇန်နဝါရီလ ၃၁ရက်အထိ YRTC မှ ကျခံပေးမည်ဖြစ်ပြီး City Taxi ယာဉ်ပိုင်ရှင်များ ကိုယ်တိုင် သတ်မှတ် Design အတိုင်း မိမိအစီအစဉ် ဖြင့် Sticker ကပ်ခွင့် (သို့မဟုတ်) ဆေးသုတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိသည့် ယာဉ်များကိုလည်း မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ၉၆ အရ ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi အစီးရေ ၅ သောင်း ၉ ထောင်ကျော်ရှိပြီး YRTC သို့ လာရောက် မှတ်ပုံတင်ထားသည့် City Taxi အစီးရေ ၅ သောင်း ၃ ထောင်ကျော် ရှိကြောင်း သိရသည်။