ရန်ကုန်မြစ်တွင်း ဝမ်းစာရှာနေသည့် တံငါသည်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးငွေညှစ်၊ တစ်ဦး ကျပ် ၆ သိန်းအထိတောင်းဟုဆို

Author ကိုထက်
Categories
Published on Dec 06, 2023

ရန်ကုန်မြစ်အတွင်း ငါး၊ ပုစွန်ဖမ်း တံငါသည်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးငွေညှစ်မှုများ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။

 

၎င်းတို့ထုတ်ပေးထားသည့် ရေကြောင်းသွားလာရေးလက်မှတ် မပါပါက ဖမ်းဆီးပြီး တစ်ဦးလျှင် (၆) သိန်းကျပ်အထိတောင်း‌‌ကြောင်း တံငါသည်များက ဆိုသည်။

 

“သူတို့က ရေကြောင်းသွာလာရေးလက်မှတ် ထုတ်ပေးထားတယ်လေ။ အဲဒါ ပါ၊ မပါ ကျွန်တော်တို့ တံတားအောက်တွေမှာ မျှားရင် စစ်တယ်။ တကယ်လို့ မပါရင် ဥပဒေအရဆို ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ်ရင် ငွေဒဏ်သုံးသောင်းလောက်ဆောင်ရင် ရတယ်ဗျာ။ အဲဒါကို ဟိုတလောက နှစ်ယောက်ကို တစ်ယောက် ၆ သိန်းနဲ့ ပြန်ထွက်လာရတယ်” ဟု ဆိတ်ကြီးခနောင်တိုတွင်နေထိုင်သူ တံငါသည်တစ်ဦးက ပြောသည်။

 

လက်ရှိကာလတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငါး၊ ပုဇွန်ရှာဖွေရ ခက်ခဲမှုများအပြင် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မထင်ရင်မထင်သလို ဖမ်းဆီးငွေညှစ်မှုများကြောင့် စားဝတ်နေရေးပိုမို ကျပ်တည်းလာသည်ဟု ငါး၊ ပုဇွန်ဖမ်း၍ မိသားစုစားဝတ်နေရေးဖြေရှင်းနေသူများက ငြီးတွားပြောဆိုသည်၊

 

“ကျွန်တော်တို့ရတာမှ တစ်နေ့ တစ်သောင်း၊ တစ်သောင်းခွဲ။ တစ်ခါတလေ လေး၊ ငါးထောင်ပဲ ရတဲ့နေ့တွေတောင်ရှိတယ်။ အဲဒီလိုလူတွေက သူတို့တောင်းတဲ့ ၆ သိန်းပေးဖို့ဆိုရင် ချေးရငှားရမှာ။ အကြွေးသံသရာထဲက မထွက်နိုင်၊ အရမ်းကျပ်တည်းပါတယ်” ဟု တံငါသည်တစ်ဦးက ပြောသည်။

 

ရန်ကုန်မြစ်အတွင်း လုပ်ကိုင်နေကြသည့် တံငါသည်များကို ရေကြောင်းရုံးမှ ထောက်ခံချက်လက်မှတ် တစ်စောင်လျှင် ကျပ် ၇၀၀၀ ဖြင့် ထုတ်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

 

တံငါသည်များပြားသည့် ဒလ၊ ဆိတ်ကြီးခနောင်တိုမြို့နယ်များတွင် ညမထွက်ရအမိန့်အဖြစ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားပြီး ညအချိန် ငါး၊ ပုဇွန်ဖမ်းရန် အဆင်ပြေသူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေသည်ဟု တံငါသည်တို့က ဆိုကြသည်။

 

ဓာတ်ပုံ – ကိုထက်