ရန်ကုန်တွင် အောက်တိန်း 92၊ 95 ပြန်ပြတ်ပြီးနောက် တစ်ရက်တည်း တစ်လီတာ ၅၅ ကျပ်အထိ ခုန်တက်

Author ကိုထက်
Categories
Published on Mar 15, 2024

အမြဲပြတ်ပြီး ဈေးတက်နေသော အောက်တိန်း 92 နှင့် 95 များ ယမန်နေ့(မတ်လ ၁၅)ရက်နေ့မှစတင်၍ ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီဆိုင်အများအပြား၌ ပြန်လည်ပြတ်လပ်ပြီးနောက် ဈေးနှုန်းခုန်တက်သွားကြောင်း စက်သုံးဆီသုံးဆိုင်များနှင့် အငှားယာဉ်မောင်းများထံမှ သိရသည်။

 

မတ်လ ၁၅ ရက်နေ့ နံနက်အ‌စောပိုင်းအထိသာ အဆိုပါ 92၊ 95 များဝယ်၍ရရှိခဲ့ပြီး ကျန်အချိန်များတွင် ဝယ်မရဖြစ်နေကြောင်း ဝယ်ယူအသုံးပြုသူများထံမှ သိရသည်။

 

“မနက် ၅ နာရီလောက်ကတန်းစီနေရတယ်။ နည်းနည်းနေမြင့်တာနဲ့ ဆိုင်တိုင်းလိုလိုမရတော့ဘူး။ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်ပဲရတော့တယ်” ဟု ရန်ကုန်က အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

 

ထိုသို့ အောက်တိန်း 92 နှင့် 95 ပြတ်လပ်နေသည့်အပြင် မတ်လ ၁၄ ရက်နေ့ကထက် အောက်တိန်း 92 တစ်လီတာလျှင် ၅၀ ကျပ်နှင့် အောက်တိန်း 95 တစ်လီတာလျှင် ၅၅ ကျပ်အထိ မတ်လ ၁၅ နေ့တွင် ခုန်တက်သွားသည်ဟု စက်သုံးဆီဆိုင်များ၏ နေ့စဉ်ဈေးနှုန်းများနှိုင်းယှဉ်ချက်အရ သိရသည်။

 

ထို့ပြင် စက်သုံးဆီဆိုင်များသို့ ကားဖြင့်မဟုတ်ဘဲ ပုံးများ၊ ပေပါများဖြင့် ဝယ်ယူပါက တစ်လီတာလျှင် ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ ဈေးနှုန်းအထိ ပေးဝယ်ရကြောင်း ဝယ်ယူခဲ့ရသူများက ပြောသည်။

 

“အစကကားပါမှ ရောင်းတာ။ အခုလအစကလောက်က စပြီး ကားနဲ့သွားဖြည့်ရင် သူတို့သတ်မှတ်ထားတဲ့ပေါက်ဈေးပေါ့။ တခြားအလွတ်သွားဝယ်ရင် သုံးထောင်ကနေ လေးထောင်အထိပေးဝယ်ရတယ်။ မီးစက်ဆီ(ဒီဇယ်)တွေကျတော့ အလွတ်ဝယ်ရတော့ တစ်လီတာကို သုံးထောင်ပေးဝယ်ရတယ်။ အောက်တိန်းဆို လေးထောင်အထိပေးဝယ်ရတယ်ပေါ့” ဟု ရန်ကုန်မြို့က အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မတ်လ ၁၅ ရက်နေ့က ရန်ကုန်စက်သုံးဆီဆိုင်များတွင် အောက်တိန်း 92 တစ်လီတာလျှင် ၂၇၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၄၃၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ ကျပ်ဈေးရှိကြောင်း ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။

 

သို့သော် ပြင်ပပေါက်ဈေးကွက်အတွင်း၌မူ ဓာတ်ဆီတစ်လီတာဘူးတစ်ဘူးလျှင် ကျပ် ၄၀ဝ၀ အထိ ဈေးရှိကြောင်း ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်အသုံးပြုသူများထံမှ သိရသည်။

 

ရန်ကုန်မြို့တွင် စက်သုံးဆီပြတ်လပ်မှုများ ပြီးခဲ့သည့်နှစ်ကုန် ဒီဇင်ဘာလအတွင်း ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် အနည်းငယ်ပုံမှန်ဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်းများတွင် ပြတ်လပ်မှုများ ပြန်ဖြစ်လာခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ကိုထက်