ရန်ကုန်တွင် အောက်တိန်း တစ်လီတာ ၅၀၀၀ ကျပ်အထိ ပြင်ပ၌ ဈေးပေါက်

Author ကိုထက်
Categories
Published on Dec 07, 2023

ရန်ကုန်မြို့တွင် စက်သုံးဆီများ ဆက်လက်ပြတ်လပ်နေ၍ ဝယ်ယူရခက်ခဲနေပြီး ဆင်ခြေဖုံးမြို့နယ်များတွင် တစ်လီတာ ကျပ် ၅၀၀၀ အထိပေး၍ ဝယ်ယူအသုံးပြုနေရကြောင်း သုံးဘီးဆိုင်ကယ်(ဘေးတွဲ)မောင်းနှင်သူများထံမှ သိရသည်။

 

ယနေ့အထိ စက်သုံးဆီတန်းစီသည့် မော်တော်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့ရသည်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။ နံနက်မိုးမလင်းမီကပင် စက်သုံးဆီရရှိရန် ကြိုးပမ်းနေရသည်အထိ ရန်ကုန်ရှိ မော်တော်ယာဉ်သုံးစွဲသူများ အခက်တွေ့နေကြရသည်။

 

“မီးစက်နဲ့အလုပ်လုပ်ဖို့ ဆီဆိုင်သွားတန်းစီတာ တော်တော်နဲ့မရလို့ အပြင်မှာ ရေသန့်‌ဗူးနဲ့ရောင်းတဲ့ဆီက ဝယ်လာရတာ။ တစ်ဘူး ၅၀၀၀(ကျပ်) ပေးခဲ့ရတယ်။ ဝယ်ဖူးသွားတာပေါ့။ တစ်လီတာ ၅၀၀၀ ထိပေးပြီး” ဟု ရန်ကုန်မြို့က အသေးစားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တို့တွင် အောက်တိန်း 92 ပြင်ပပေါက်ဈေး တစ်လီတာလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြားအထိ ရှိနေသည်ဟု သိရသည်။

 

“ဘေးတွဲအတွက် အပြင်ကနေဝယ်ထည့်တာ။ တစ်ဘူးကို ၄၀၀၀ ပေးထည့်ရတယ်။ ကယ်ရီခတွေလည်း အခုထက် ပိုတောင်းမှရတော့မယ်လေ။ ကုန်ဈေးနှုန်းနဲ့ကလည်း မကျဘူး။ ဆီကလည်းအခု တော်တော်ဝယ်ရခက်နေတယ်” ဟု လှိုင်သာယာမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

 

စက်သုံးဆီဈေးသည် စစ်ကောင်စီက စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို စစ်ကောင်စီထိန်းချုပ်ထားသော ဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းချမှုရပ်ဆိုင်းလိုက်ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှစတင်၍ ရုတ်တရက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 

နိုဝင်ဘာ ၃၀ ရက်နေ့က စက်သုံးဆီဆိုင်များတွင် အောက်တိန်း 92 တစ်လီတာ ၂၁၇၀ ကျပ်မှ ယခုအခါ ၂၅၁၀ သို့လည်းကောင်း၊ အောက်တိန်း 95 တစ်လီတာလျှင် ကျပ် ၂၃၀၀ မှ ယခုအခါ ၂၆၄၀ ကျပ်သို့လည်းကောင်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းအသုံးပြုမှုနည်းပါးသည့် ရိုးရိုးဒီဇယ်နှင့် အဆင့်မြင့် ဒီဇယ် ဈေးနှုန်းများမှာမူ တစ်လီတာလျှင် ကျပ် ၁၀ နှင့် ၂၅ ကျပ်သာဈေးတက်ကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန် စက်သုံးဆီဆိုင်များတွင် အောက်တိန်း  92တစ်လီတာလျှင် ၂၅၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၆၄၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂၂၁၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်ဟု စက်သုံးဆီများတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – ကိုထက်