ရန်ကုန်တွင် အိမ်သုံးဂတ်စ်များ ဈေးနှစ်ဆတက်ပြီး ပြတ်လပ်

Author ကိုထက်
Categories
Published on Dec 05, 2023

ရန်ကုန်တွင် အိမ်သုံးဂတ်စ်များ ဈေးနှစ်ဆတက်ပြီး ပြတ်လပ်

 

CJ Platform

 

ရန်ကုန်တွင် အိမ်သုံးဂတ်စ်များ ဈေးနှစ်ဆတက်ပြီး ယခုရက်ပိုင်းတွင် ဝယ်မရဘဲ ပြတ်လပ်နေကြောင်း ဂတ်စ်ရောင်းချသူများထံမှ သိရသည်။

 

ဒီဇင်ဘာလ (၃) ရက်နေ့မှစပြီး ဂတ်စ်လက်လီ‌ရောင်းချသည့် ဆိုင်များတွင် ဝယ်မရဖြစ်နေသည်ဟု သုံးစွဲသူများက ဆိုသည်။

 

“တစ်နေ့ကတည်းက ဝယ်မရဖြစ်နေတာ။ ဝယ်ရတဲ့ဆိုင်တွေကျတော့လည်း တစ်ဗူး ၁၂၀၀၊ ၁၃၀၀ လောက် ဈေးကဖြစ်နေပြီ။ မီးက ချက်ချိန်ပြုတ်ချိန်ပြတ်တော့ ဒီဂတ်စ်ပဲအားကိုးရတာ၊ အခုအဲဒါကပါ ဝယ်မရဖြစ်နေတယ်” ဟု လှိုင်သာယာမြို့နယ်နေသူတစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုများမှာ အများပြည်သူ ထမင်း၊ ဟင်း ချက်ပြုတ်ချိန်ကိုပင် ပြတ်တောက်နေသည့်အတွက် ရန်ကုန်မြို့ခံများအနေဖြင့် ဂတ်စ်၊ မီးသွေးစသည်တို့ကို အားထားပြီး ချက်ပြုတ်နေရသည်။

 

ယခုအခါ ဂတ်စ် ‌ဈေးတက်နေသည့်အပြင် မီးသွေးဈေးများလည်း လိုက်ပါမြင့်တက်နေသည့်အတွက် ပြည်သူများအခက်ကြုံနေရသည်။

 

“ကျွန်တော်တို့တောင် ဝယ်မရဖြစ်နေတာ။ ပစ္စည်းမရှိလို့ ဆိုင်ပိတ်ထားရတာ နှစ်ရက်၊ သုံးရက်ရှိပြီဗျ။ ကြားတာကတော့ နောက်နှစ်ရက်၊ သုံးရက်နေရင် ပြန်ရမယ်ကြားတယ်။ ‌ဈေးကတော့ ဘယ်လိုလာဦးမလဲ မသိဘူးပေါ့” ဟု ရန်ကုန်မြို့ရှိ အိမ်သုံးဂတ်စ် ရောင်းသူတစ်ဦးက ပြောသည်။

 

လတ်တလော ဂတ်စ်တစ်ပိဿာလျှင် ယခင်က ၅၀၀၀ မှ ၆၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါ ၁၂,၀၀၀ ကျပ်အထိ ဈေးတက်နေကြောင်း ဂတ်စ်အရောင်းဆိုင်များထံမှ သိရသည်။

 

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်သည့်အခက်အခဲအပြင် အိမ်သုံးဂတ်စ်၊ စက်သုံးဆီ စသည်တို့ ဈေးတက်ပြီး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ဓာတ်ပုံ – ကိုထက်