ရန်ကုန်တွင် အခွန်တိုးကောက်ထားသော်လည်း ရေ၊ မီး ပြတ်တောက်မှု ပိုဆိုးလာ

Author ကိုထက်
Categories
Published on Oct 06, 2023

စစ်‌ကောင်စီက ရေခွန်၊ လျှပ်စစ်မီး မီတာခများ ယခင်ကာလကထက် ၃ ဆတိုးမြှင့်ကောက်ခံထားသော်လည်း ရန်ကုန်မြို့တွင် ရေ၊ လျှပ်စစ်မီးပြတ်တောက်မှုများမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောကြားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်​ကျော်အတွင်း ရန်ကုန်မြို့သည် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးလာနေခြင်းဖြစ်သည်။

“မီတာခကသာ ခါတိုင်းထက် သုံးဆသွားဆောင်ရတာ။ မီးက မနေ့ကဆို မနက်ကတည်း ညအထိမလာဘူး။ ဒီဟာနဲ့ အလုပ်လုပ်ရတဲ့လုပ်ငန်းတွေက ဘယ်လိုလုပ်လည်ပတ်တော့မလဲ။ ရေလည်းဒီလိုပဲ။ ‌လာတော့လည်း ရေမသန့်ဘူး။ မလာရင်လည်း ၃၊ ၄ ရက်ဆက်တိုက်ပဲ။ အရမ်းဒုက္ခရောက်တယ်။ ရန်ကုန်က ရေမလာ၊ မီးမလာပြသာနာက တော်တော်ကိုဆိုးရွားနေပြီ ” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် မိုးတွင်းကာလ မကုန်မီကပင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည်။

မီတာခများမှာ ယခင်ကထက် ၃ ဆပိုပြီး ပေးဆောင်နေရသော်လည်း ပုံမှန်မရသည့် လျှပ်စစ်မီးကြောင့် ပြည်သူများ အခက်ကြုံနေရသည်။

“မီးမလာတာက ချက်ဖို့ပြုတ်ဖို့ ဂတ်စ်နဲ့ရသေးတယ်။ ရေမလာတာက တော်တော်ဆိုးတယ်။ အခု ဒေါပုံမှာဆို တစ်ပတ်လောက်ရှိပြီ။ အပြင်ကနေ ပို့တဲ့သူတွေဆီက မရမကချိတ်ဆက်ပြီး ဝယ်သုံးရတယ်။ ရေခွန်ကျတော့ အရင်ထက် သုံးဆဆိုပြီးပြောကောက်သွားတယ်” ဟု ဒေါပုံမြို့နယ်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။

အခြားသောမြို့နယ်များတွင်လည်း ရေ၊ လျှပ်စစ်မီးပြတ်တောက်မှုများမှာ တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေသည်။

“ကျွန်တော်တို့က မီးနဲ့အလုပ်လုပ်ရတာလေ။ ပုံနှိပ်စက်ဆိုတော့ အော်ဒါအပ်ထားတာတွေကို လာတဲ့အချိန်အလျင်မှီအောင်လုပ်ရတယ်။ အခုမီးက လာချိန်ကျလည်း အချိန်အရမ်းနောက်ကျမှ။ ပြတ်ချိန်ကျတော့ စောပြီးပြတ်သွားတယ်။ အရင်လကဆို ကျွန်တော်တို့ပုံနှိပ်စက်မီတာခက မနည်းဘူး။တော်တော်ကျတယ်” ဟု ကျောက်တံတားမြို့နယ်က ပုံနှိပ်စက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်မြောက်ကာလအတွင်း အထွေထွေအကျပ်အတည်းများသည် ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးတွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေသည်။