ရန်ကုန်တွင် အခြေခံစားသောက်ကုန်ဈေး နှစ်ဆတက်

Author ကိုထက်
Categories
Published on Nov 08, 2023

စီးပွားရေးမြို့တော် ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်ဈေးများ နှစ်ဆနီးပါးတက်လာကြောင်း မြို့ခံများထံမှ သိရသည်။

 

အဓိကအစားအစာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်များဖြစ်သည့် အာလူး၊ ကြက်သွန် အစရှိသည်တို့ ရက်ပိုင်းအတွင်း ဈေးတက်သွားကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မများက ပြောသည်။

 

” ဆန်‌ဈေးကလည်း တက်တယ်။ ကြက်သွန်နီဆို အကြီးဆို ၃၀၀၀ တစ်ပိဿာကို၊ အသေးဆို ၂၅၀၀။ အဖြူဆို အရင် တစ်ဆယ်သားမှ ၈၀၀ အခုရက်ပိုင်းကို ၁၆၀၀ လောက်ဖြစ်သွားတယ်။ ‌ဈေးတွေက ကျတယ်ကိုမရှိဘူး။ ဟင်းသီးဟင်းရွက်ဈေးတွေကအစ အရမ်းအဆင်မပြေတဲ့သူဝယ်စားဖို့တောင် အဆင်မပြေတော့ဘူး” ဟု လှိုင်သာယာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောသည်။

 

ထို့ပြင် ဟင်းသီးဟင်းရွက်ဈေးများမှာလည်း ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ ကြား၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် ၂၅၀၊ ၃၀၀ အထိ ရှိနေကြောင်း ရန်ကုန်ရှိ အခြေခံစားသောက်ကုန်ဈေးကွင်အတွင်းမှ သိရသည်။

 

“ကန်စွန်းရွက်တစ်စီးက တစ်ယောက်စာတောင်မရဘူး။ ချဉ်ပေါင်းရွက်လည်း ၄၊ ၅ပင်ပါတာကို ၃၀၀ လောက်ရှိတယ်။ ဟင်းတစ်ခွက်တောင် စားမရဘူး။ လက်ထဲပိုက်ဆံ ၄၊ ၅ ထောင်ရှိမှကို အသီးအရွက်စားနိုင်မယ့်အခြေအနေဖြစ်နေတယ်” ဟု ကျောက်တံတားမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

 

ယခုဖြစ်ပေါ်နေသော ဈေးနှုန်းများအရ အခြေခံလူတန်းစားများ စားသုံးနိုင်သည့် ဆန်ကြမ်းတစ်ပြည်လျှင် ၃၅၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ စားဆီတစ်ပဿာလျှင် ၄၅၀၀ မှ ၅၀၀၀ ကျပ်ကြားအထိ ရှိနေကြောင်း သိရသည်။

 

အလားတူရှမ်းပြည်နယ်(မြောက်ပိုင်း)ဘက်က ဟင်းသီးဟင်းရွက်ကားများ မဝင်သည့်အတွက် လက္ကားဈေးကြီးတစ်ခုဖြစ်သော သီရိမင်္ဂလာဈေးတွင် ဟင်းသီးဟင်းရွက်အချို့ ပြတ်လတ်နေပြီး ဈေးနှုန်းများမြင့်တက်နေ‌ကြောင်း ယင်းဈေးတွင် ဈေးရောင်းချနေသူများထံမှ သိရသည်။