ရန်ကုန်တွင် လူငယ်များ ဖမ်းဆီးပြီးနောက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ အထိ စစ်ကောင်စီတပ်သားများငွေညှစ်

Author ကိုထက်
Categories
Published on Feb 15, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့က မြို့နယ်အချို့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်များကို အဓိကထား ဖမ်းဆီးခေါ်ဆောင်သွားမှုများပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးစေလိုပါက တစ်ဦးလျှင် ကျပ် သိန်း ၃၀ အထိငွေညှစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များ၏ ပြောကြားချက်များအရ သိရသည်။

 

အင်းစိန်၊ သန်လျင်၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ စသည့် မြို့နယ်များတွင် လူငယ်များကို အသက်များမေးပြီး စစ်ကားဖြင့် ဖမ်းဆီမှုများလုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

 

“ဘောလုံးကန်ပြီး ပြန်လာကြတဲ့လူငယ်လေး‌တွေ၊ ညက အတော်နက်နေပါပြီ။ ၁၂ နာရီလောက်ရှိနေပြီ။ အဲဒါ သူတို့(စစ်ကောင်စီတပ်သားများ)က စစ်ကားပေါ်တင်ပြီး ခေါ်သွားတယ်။ မိဘတွေက သွားပြန်ခေါ်တော့ တစ်ယောက်ကို သိန်း ၃၀ တောင်းတယ်။ (သိန်း)၃၀ ကများလို့ သူတို့ညှိလိုက်တာ တစ်ယောက်ကို ၁၅ သိန်းနဲ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောသည်။

 

အလားတူ လှိုင်သာယာမြို့နယ်တွင်လည်း အလုပ်မှပြန်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ခေါ်ဆောင်မည်လုပ်သဖြင့် ခြေထောက်ဖက်တောင်းပန်ခဲ့ရကြောင်း ကာယကံရှင်က ဆိုသည်။

 

“မနေ့ကအလုပ်က ပြန်လာတာ။ တစ်ယောက်တည်း ဖြစ်နေတာလည်းပါပါတယ်။ စစ်ကားနဲ့ ကျွန်တော့်ကို အတင်းခေါ်မယ်လုပ်လို့။ ကျွန်တော့်မှာ အရွယ်မရောက်သေးတဲ့သားသမီးနှစ်ယောက်ရှိလို့ပါဆိုပြီး အတင်းခြေသလုံးဖက်ပြီးတောင်းပန်ခဲ့ရတယ်” ဟု ၎င်းကြုံတွေ့ခဲ့ရပုံကို လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးက ပြောသည်။

 

ထို့ပြင် သန်လျင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သင်တန်းများပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)တွင် ဖော်ပြလာသည်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုလိုက်ပြီးနောက် အများပြည်သူလူငယ်များအကြား စိုးရိမ်မှုများဖြစ်ပေါ်နေသည်။