ရန်ကုန်တွင် မူးယစ်ဆေးဝါးစျေးကွက် ကြီးထွားလာနေကာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များပါ သုံးစွဲနေပြီး ရောင်းချသူများအား ကာကွယ်ပေးနေ

Author ခေတ်နီ
Categories
Published on Jan 28, 2023

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းချသူများ ပိုမို များပြားလာနေပြီး စစ်ကောင်စီ၏ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များပါ မူးယစ်ဆေးသုံးစွဲနေကာ မူးယစ်ဆေးရောင်းချသူများကို ကာကွယ်ပေးလျက်ရှိနေကြောင်း CJ Platform အနေဖြင့် စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ ရပ်ကွက်တချို့တွင် မူးယစ်ဆေး သုံးစွဲသူများနှင့် ရောင်းချသူများသည် ယခင် အာဏာမသိမ်းမှီ ကာလကထက် ပိုမိုများပြားလာနေလျက် ရှိသည်။

ယင်းသို့ မူးယစ်ဆေးဝါးသုံးစွဲသည့် သူများတွင် သာမာန်အရပ်သားလူငယ်များသာမက စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါ ပါဝင်နေပြီး ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းချနေသည့် သူများကို လုပ်ငန်းကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် ကာကွယ်ပေးမှုများပါ ရှိနေတာပဲ ဖြစ်သည်။

“ဒီမှာက စရိုက်တအားစုံတယ် ဖာ ၊ဖဲ အစုံပဲ ရပ်ကွက်လမ်းထဲ ဝင်လိုက်ရင် ဘယ်သူက ဘာဆိုတာ အကုန်သိတာပဲရယ် ဟိုအရင် အမေစုလက်ထပ်တုန်းကလည် ဒီမှာက ဆေးရောင်းတဲ့သူတွေရှိတာပဲ ဒါပေမယ့် အဖမ်းအဆီးက ရှိနေတော့ အတင့်မရဲကြဘူး အခုကြတော့ သူတို့က အုပ်ကြီးတွေနဲ့ ပေါင်းပြီး ရောင်းနေကြတာပေါ့၊ သိနေပေမယ့်လဲ မပြောရဲဘူး တခုခုဖြစ်ရင် မိသားစုက ရှိသေးတယ်၊ ရပ်ကွက်ထဲ သူတို့နဲ့ ပြဿနာဖြစ်လို့ရှိရင်တောင် ကျမတို့က မှန်နေပေမယ့် သူတို့ကအနိုင်ပဲ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်တခုမှ ဒေသခံတစ်ဦးက ဆိုသည်။

ယခင် အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထပ်တွင် မူးယစ်ဆေးဝါး ရောင်းချသူများကို
သတင်းပေးတိုင်ကြားမှုနှင့် ဖမ်းဆီး အရေးယူမှုများ ရှိခဲ့တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို အထိုက်အလျောက် ဟန့်တားနိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲသူများကို ထိရောက်သည့် အရေးယူနိုင်မှုမျိုး မရှိတော့ဘဲ ရောင်းချသုံးစွဲသူအရေအတွက် အရင်ကထက် ပိုမိုများပြား လာနေတာပဲဖြစ်သည်။

အာဏာမသိမ်းမှီ ကာလများတွင် ရန်ကုန်တိုင်းအတွင်း WY ဆေးပြား တစ်ပြားလျင် ကျပ် ၂၀၀၀ ဝန်းကျင်ခန့်ထိ စျေးရှိခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ကျပ် ၁၀၀၀ နှင့် ၃၀၀ အကြားထိ စျေးနှုန်းကျဆင်းခဲ့ကာ ဖမ်းဆီးမှုများ မရှိသလောက် လျော့ပါးသွားတာကြောင့် အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်သည့် အခြေအနေကို ရောက်ရှိလာနေသည်။

ထိုသို့ မူးယစ်ဆေးဝါး ရောင်းသူများ အနေဖြင့်လည်း ရောင်းချရာတွင် ဖမ်းဆီးခြင်းမှ လွတ်ကင်းအောင် ရပ်ကွက် ရာအိမ်မှူးမှ စတင်ကာ ရဲစခန်းမှူးအဆင့် အထိ ငွေကြေး ဆယ်ဂဏန်းဝန်းကျင်အထိ လိုင်းကြေး သဘောမျိုး လာဘ်ထိုးရထားရခြင်းများလည်း ရှိကြောင်း CJ Platform မှစုံစမ်းသိရှိရသည်။

“ဒီမှာက ရောင်းတဲ့ကောင်က ဘယ်လိုကောင်လဲဆိုတဲ့ အပေါ်မူတည်တယ်၊ လက်ကြီးသမားလား ရိုးရိုး ဖြန့်တဲ့ ဘဲလေးတွေလားပေါ့ တစ်လ တစ်လကို မပေးရဘူးဆိုတောင် ၂၀ ဝန်းကျင်ပဲ အောက်ကနေ အထက်အထိ ပိုင်နေအောင် ပေးထားရတယ်၊ ဒါတောင် တခါတလေ တိုင်းကဆင်းဖမ်းရင် ခံရတာတွေရှိတယ်၊ သာမာန် အဖမ်းအဆီးတွေကြတော့ ဖမ်းမယ်ဆိုရင် သူတို့က ဖုန်းလှမ်းဆက်ပြီး သတိပေးထားလိုက်တယ်၊ ငြိမ်နေပေါ့ လိုင်းကြေးက ဆေးမှမဟုတ်ပါဘူး ချဲ တို့ ဖဲဝိုင်းတို့လဲပေးရတာပဲ”ဟု မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးနှင့် ရင်းနှီးသူတစ်ဦးက ပြောပြသည်။

ယခုလိုမျိုး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးရောင်းချသူများကို ကာကွယ်ပေးနေတာဟာ ယခင် စစ်အစိုးရများ၏လုပ်ဆောင်ခဲ့သည့်အတိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လူငယ်များကို မူးယစ်ဆေးနွံ့အတွင်း နစ်နေစေပြီး ၎င်းတို့အား ဆန့်ကျင် တော်လှန်များကို ပါဝင်နေမှု လျော့နည်းသွားအောင် လုပ်ဆောင်နေသည့် ပုံစံမျိုးဖြစ်ကြောင်းလည်း ပြည်သူတစ်ဦးက သုံးသပ်ထားသည်။

” WY တွေ စျေးပေါကုန်တာက ရည်ရွယ်ချက်ပါတယ်။ ဆန္ဒပြမယ့် လူငယ်တွေကို ဆေးသမား ဖြစ်အောင် လုပ်ပစ်တာမျိုး။ ဆေးပဲချ နိုင်ငံရေးတွေက ဝေးဝေးနေ။ အဲ့ဒီလိုမျိုးပေါ့”ဟု သုံးသပ်ထားသည်။

ယခုလိုမျိုး WYကဲ့သို့ မူးယစ်ဆေးဝါးများ သုံးစွဲမှုများအပြင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့ရှိ ဘား နှင့် night clubများတွင် K ဟုအလွယ်ခေါ်သည် Katamine ခေါ် မူးယစ်ဆေး အပျော့စားများဟာလည်း လူငယ်များအကြား ရေပန်းစား သုံးစွဲလျက် ရှိနေသည်။

အဆိုပါ K ခေါ် Katamine ဆေးများသည် တစ်ဂရမ်လျှင် တန်ဖိုး ၅ သောင်းမှ ၁သိန်းကျော်အထိ အမျိုးအစား အလိုက် ပေါက်စျေးရှိနေပြီး ဆေးအာနိသင်မှာလည်း WYဆေးပြားများလောက် မပြင်းထန်ပေမယ့် ဆေးရှိန်တက်နေချိန်အတွင်းမှာ ထိခိုက်မိတာ၊ နာကျင်တာမှုများကို သတိထားမိ၊ ခံစားမိမှာ မဟုတ်တာကြောင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရနိုင်တဲ့ အထိပါ ဖြစ်နိုင်နေပြီး ဆေးရှိန် ကျသွားလျင် ချွေးထွက်လွန်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စသည့် အကျိုးဆက်များကို ခံစားရနိုင်ပြီး ဆေးစွဲသုံးမိပါက မှတ်ဉာဏ် ချို့ယွင်းခြင်း ၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အသည်းနှင့် ပတ်သက်သည့် ရောဂါ၊ နှလုံးနှင့် ပတ်သက်သည့် ရောဂါများကိုပါ ခံစားရနိုင်ကာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး စိတ်ကျရောဂါပါ ဖြစ်နိုင်စေကြောင်းလဲ တတ်သိပညာရှင် တချို့က ဆိုထားသည်။

“gram အများနဲ့ယူရင် အထုပ်ထုပ်တဲ့ပေါ် မူတည်ပြီး သက်သာတယ် အမျိုးအစားက အများကြီးရှိတယ် ဒီစျေးကွက်ထဲမှာက တစ်ဂရမ်အထုတ်တွေ တစ်ထုတ်ကို၅၀၀၀၀ ၊၆၀၀၀၀၊ ၇၀၀၀၀၊ ၈၀၀၀၀ပေါက်တယ်၊ အမျိုးအစားတော့ ကွဲတယ်၊ တစ်ချို့လဲ တစ်သိန်းကျော်တယ် အများဆုံးကတော့ Diamondသုံးကြတယ်၊ ဝါဂွမ်းတို့ Kပြာတို့ တခြားအမျိုးအစားတွေလဲ ရှိသေးတယ် diamondကိုမှ qualityနဲ့ ကွာတာရှိသေးတယ် ဝင်တာကတော့ ရှမ်းပြည်ဖက်ကပဲ ၊ ဒီမှာက ဖြန့်တဲ့ လက်ကြီးသမားက ဘယ်သူလဲ ဆိုတာတော့ မသိကြဘူး နောက်ခံကတော့ အတော်တောင့်တဲ့ သူလို့ပဲ သိတယ်”ဟု အဆိုပါ K ခေါ် Katamine ဆေးကို သုံးစွဲဖူးသူ လူငယ်တစ်ဦးထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျိုးဆက်ကြောင့် အလုပ်အကိုင်ရှားပါးလာကြသည့် လူငယ်များသည် ဝင်ငွေရလွယ်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမျိုးကို စမ်းသပ် လုပ်ကိုင်လိုနေကြပြီး မူးယစ်ဆေး ရောင်းချရာမှာလည်း WY များ၊ဆေးခြောက်များနှင့်Katamine ခေါ် မူးယစ်ဆေး အပျော့စားများ ဘိန်းဖြူ အဆင့်ထိ ရောင်းဝယ်မှုများလည်း ရှိနေသည်။

ထိုသို့ ဘိန်းဖြူရောင်းချရမှာလည်း ၎င်းတို့၏ ဖောက်သည် ဖြစ်နေသူများကို အကြွေးစနစ်ဖြင့် ချပေးမှုများလည်းရှိနေပြီး ဘိန်းဖြူကို ရေရှည် စွဲလမ်းစွာ သုံးစွဲသူများမှာတော့ ဘိန်းဖြူဝယ်ယူရန် ငွေကြေးမရှိတော့သည့် အခြေအနေများမှာ ၎င်းတို့၏ မိတ်ဆွေများထံမှ ပစ္စည်းများခိုးယူရောင်းချကာ ဘိန်းဖြူ ဝယ်သူသုံးစွဲရတာကြောင့် လူမှုရေးဆိုင်ရာပြဿနာများကိုပါ ပတ်ဝန်းကျင်မှာဖြစ်ပွားလာနေတာပဲဖြစ်သည်။

“ဘိန်းဖြူရဲ့ သားကောင်က မူးယစ်သမားကိုပဲ ပြန်ချဉ်းကပ်တာ၊ ဘိန်းဖြူက လွန်ရင်လဲသေတယ် လှုပ်လို့လဲမရဘူး အန်တာပေါ့ သူအရှိန်ပြေမှ ကောင်းသွားတာ။လူသံမဆူညံတဲ့နေရာမှ အဆင်ပြေတာပေါ့ WYသမားတွေကို လိုင်းတဆင့်မြှင့်ပေးတာပေါ့ ၊သူတို့က မိတ်များရင် များသလောက် အကြွေးချပေးတယ်၊ ဒါကလဲ သူတို့ဘက်က အမှုမတက်အောင်နဲ့ ကိုယ်ဖြစ် ကိုယ်ခံဆိုပြီး လွှဲပေးသလိုပေါ့၊ နောက်တခုက မက်သရုန်းပေါ့ ဒီကောင်ကျ ယင်းထချိန် သောက်ရတဲ့ဆေးပေါ့၊ ဒီကောင်က ပစ္စည်းပြတ်တတ်တော့ ပါးစပ်စျေးနဲ့ ရောင်းပြီး အမြတ်ရှာတာပေါ့ ၊ယင်းထနေတဲ့ကောင်ကတော့ ဝယ်မှာပဲ အဲ့မှာ ပြဿနာတွေကစတာ ခိုးတာဘာညာပေါ့ နောက်တခုကတော့ သုံးစွဲသူ လိုက်ရှာပေးရင်း ကပ်သုံးကြတာ၊ အဲ့မှာ HIVဘာညာစတာပဲ နောက်ဆုံးပြန်ချုပ်ရရင်
ဒိုင်က သူ့အကျိုးအမြတ်အတွက် တဆင့်ခံ ရောင်းခိုင်းတယ် ပစ္စည်းကို နည်းနည်းပေးထားတယ်
ပစ္စည်းက မကုန်စရာမရှိဘူးဆိုတာက ရောင်းတဲ့သူကိုက စွဲလန်းသူဆိုတော့ သူလဲသုံးရင် တခြားသုံးတဲ့သူလဲ ဆွယ်ရင်းကနေ ဘိန်း အင်ပါယာချဲ့တာပဲ လူငယ်တွေဆီ ဘယ်လိုရောက်လဲဆိုတော့ ဘားအချို့ Honey Nest ,CUBA နဲ့ တခြားဘားတွေမှာ1gပါတယ်ဆိုတဲ့ အထုပ်ကို ၄သောင်းလောက်ပေးရတယ်မြေပြင်အခေါ်ကတော့မတ်ပေါ့ ရောင်းတာကတော့ အလွှာစုံပဲဟု” မူးယစ်နွံ့မှရုန်းထွက်ခဲ့သူ တစ်ဦးက ရှင်းပြသည်။

ယခုလို လူငယ်များအကြား မူးယစ်ဆေး ဖြန့်ဖြူးသုံးစွဲနေမှုများကို ဟန့်တားနေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မှုများ ရှိနေပေမယ့်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ပမာဏာသည် ယခင် ၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန် ၄၂၃ ရှိခန့်ရာမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန်ချိန်ပေါင်း ၇၉၅ နီးပါးရှိခဲ့တာကြောင့် ၃၃ရာခိုင်နှုန်းကျော် တိုးလာကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မူးယစ်ဆေး #WY