ရန်ကုန်တွင် တစ်လအတွင်း ပစ်ခတ်မှု ၁၀ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး သုံးဦးအပါအဝင် ရှစ်ဦးသေ ၇ ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Jan 31, 2023

 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇန်နဝါရီလအတွင်း ပစ်ခတ်မှု ၁၀ ကြိမ်ဖြစ်ခဲ့ပြီး ဗိုလ်မှူး ၃ဦး ၊ဗိုလ်ကြီး(ငြိမ်း) တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လှိုင်သာယာ၊ သာကေတ ၊မရမ်းကုန်း ၊တွံတေး၊ ရွှေပြည်သာ၊ မြောက်ဒဂုံ ၊ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဇန်နဝါရီလ ၁ ရက်မှ ၃၀ ရက်နေ့အတွင်း ပစ်ခတ်မှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ ရှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက CJ Platform ကိုပြောသည်။

“ဗိုလ်မှူးတစ်ဦးရယ် အငြိမ်းစားဗိုလ်မှူးနှစ်ဦးနဲ့ ဇနီးတစ်ဦးရယ်၊ အငြိမ်းစားဗိုလ်ကြီးတစ်ဦးရယ်၊ တပ်ကြပ်ကြီးတစ်ဦး၊
ကျန်တာက အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦး ရဲသတင်းပေးတစ်ဦး ကိုးဦးပါ ဒဏ်ရာရတဲ့သူက ရှစ်ဦး”ဟု
ပြောသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှာ တွံတေးမြို့နယ်တွင် အကျဥ်းဦးစီးမှ ဝန်ထမ်းလင်မယား၊ သာကေတမြို့နယ်မှ
ရာအိမ်မှူး၊ ရွှေပြည်သာမြို့နယ်မှ ရဲသတင်းပေးတစ်ဦးနှင့် ဒဂုံဆိပ်ကမ်းမှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှုးသုံးဦးတို့ ဖြစ်သည်ဟု သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် စစ်ကောင်စီက အငြိုးထားကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် နိူင်ငံရေးတက်ကြွလှုပ်ရှားသူများအား စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု့ ၉၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ကာ ၃၆၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – EPA/EFE
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန်တိုင်း #ပစ်ခတ်မှု