ရန်ကုန်တွင် ဆိုင်ကယ်ဘေးတွဲမောင်းသူများကို စစ်ကောင်စီ သတင်းပေးလုပ်ခိုင်း

Author ကိုထက်
Categories
Published on Feb 27, 2024

ဆိုင်ကယ်ဘေးတွဲ အဓိကသုံးစွဲသော ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်သားများက ဘေးတွဲယာဉ်မောင်းများကို သတင်းပေးအဖြစ် လုပ်ခိုင်းနေသဖြင့် အချို့အလုပ်ရပ်နားရသည်ဟု ၎င်းတို့ထံမှ သိရသည်။

 

စစ်ကောင်စီတပ်က ၎င်းတို့အတွက် သတင်းပေးလုပ်ပေးပါက ဘေးတွဲများကို ဖမ်းဆီးခြင်းများမလုပ်ဟု ပြောဆိုကြောင်း ဘေးတွဲမောင်းသူများက ဆိုသည်။

 

“သူတို့(စစ်ကောင်စီတပ်သားများ)က ဂိတ်တွေကိုလာပြောတာ။ ခင်ဗျားတို့တွေက တရားဝင်စီးခွင့်မဟုတ်ဘူး။ ခွင့်မပြုထားဖူးပေါ့။ သူတို့မသင်္ကာသူတွေကို စောင့်ကြည့်သတင်းပေးနိုင်သူဆို မဖမ်းဘူးပေါ့။ ဒါမှမဟုတ်ရင်တော့ ဖမ်းလို့ ဆိုင်ကယ်အသိမ်းခံရတာမျိုးတွေရှိမယ်ပေါ့” ဟု တောင်ဒဂုံမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

 

ထို့ကြောင့် ၎င်းအနေဖြင့် သတင်းပေးလုပ်ပါက မြို့ပြပျောက်ကြားအဖွဲ့များသိပါက အသက်အန္တရယ်အထိ ရှိသည့်အတွက် ဘေးတွဲမမောင်းတော့ဘဲ တခြားနေ့စားအလုပ်ပဲလုပ်ရန်ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

 

ရန်ကုန်ရှိ ဆင်ခြေဖုန်းမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့တို့ရှိ ဘေးတွဲမောင်းသူများအနေဖြင့် နေ့စဉ် ည ၉ နာရီတွင် စစ်ကောင်စီတပ်သားများထံ သတင်းပေးပို့ရကြောင်း စုံစမ်းသိရှိရသည်။

 

ထို့ပြင် ရန်ကုန်က မြို့နယ်အချို့ရှိ ဘေးတွဲဆိုင်ကယ်မောင်းသူများကို ပြည်သူ့စစ်အဖွဲ့ကဲ့သို့ ဖွဲ့‌ပေးနေခြင်းများလည်းပြုလုပ်နေကြောင်း မောင်းသူအချို့ထံမှ သိရသည်။

 

“ကျွန်တော်တို့ရပ်ကွက်ထိပ်က ဘေးတွဲသမားတွေဆို အဲဒီလိုတွေဆိုတော့ သူတို့လည်း မလုပ်ချင်တော့ဘူးပေါ့။ အစီးရေတော်တော်နည်းသွားတယ်။ တချို့ ဒါလုပ်မှအလုပ်အဆင်ပြေမယ့်သူကလည်း ရေလိုက်ငါးလိုက်နဲ့ လုပ်ကြရတာပေါ့။ လူတွေက ဆိုင်ကယ်ဝစ်စကုတ်ဝတ်တာကိုမြင်ရင်ကို သတင်းပေး၊ ဒလန်လို ထင်ကုန်ကြရော” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်က မြို့နယ်အချို့တွင် ဘေးတွဲဆိုင်ကယ်ဆွဲခွင့်ရရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများကို လစဉ်ကြေးပေးနေရသည်။

 

ထို့ပြင် ဝါ၊ စိမ်း၊ နီ အလံမတပ်ပါက ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဘေးတွဲဆိုင်ကယ်များတွင် ပြီးခဲ့သည့်လကတည်းက ယခုထိ မဖြုတ်ရဲဖြစ်နေကြသည်။