ရန်ကုန်တွင် ဆန်ကြမ်းတစ်ပြည် ၄၅၀၀ ကျပ်သို့ရောက်

Author ကိုထက်
Categories
Published on Mar 19, 2024

ရန်ကုန်တွင် ဆန်ဈေးများ ဆက်လက်မြင့်တက်နေပြီး အခြေခံလူတန်းစားများ နေ့စဉ်စားသုံးသည့် ဆန်ကြမ်းတစ်ပြည်လျှင် ၄၅၀ဝ ကျပ်သို့ရောက်ရှိလာကြောင်း လက်လီဆန်ဈေးကွက်အတွင်းမှ သိရသည်။

 

ပြီးခဲ့သည့်လပိုင်းက အခြေခံလူတန်းများစားသုံးနိုင်သည့် ရက် ၉၀ ဆန် တစ်ပြည်လျှင် ကျပ် ၃၅၀ဝ မှ ၃၆၀ဝ ကြားသာရှိခဲ့ရာ ယခုအခါ တစ်ပြည်လျှင် ကျပ် ၁၀ဝ၀ အထိ ဈေးတက်သွားခြင်းဖြစ်သည်ဟု ဈေးနှုန်းနှိုင်းယှဉ်ချက်အရ သိရသည်။

 

“အခုအခြေခံလူတန်းစား၊ လက်လုပ်လက်စားသမားတွေဝယ်နေကြ ရက် ၉၀ ဆန်က အရင်လတွေကထက် တစ်ပြည်ကို တစ်ထောင်(ကျပ်)တက်သွားတယ်။ ရွှေဘိုပေါ်ဆန်းကတော့ တစ်ပြည်‌ ၈၀ဝ၀ ဖြစ်နေတယ်။ ရှေ့လက ၇၀ဝ၀ နဲ့ ငြိမ်နေတာ” ဟု ရန်ကုန်မြို့က ဆန် လက်လီ၊ လက်ကားရောင်းချသူတစ်ဦးက ပြောသည်။

 

ယင်းသို့ဈေးများထပ်မံမြင့်တက်လာခြင်းသည် သယ်ယူစရိတ်၊ ထုတ်လုပ်မှုစရိတ်များကြီးမြင့်ခြင်းနှင့် ဝယ်လိုအား များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

 

“ဆန်စက်တွေက လာကတည်းက ဈေးတွေကတက်‌တာ။ အဓိကကတော့ စက်တွေလည်ဖို့ လျှပ်စစ်မီးပုံမှန်မရဘူး။ မီးစက်နဲ့ လုပ်ရတယ်။ စက်သုံးဆီဈေးကျတော့လည်း လိုသလောက်မရတဲ့အခါ ထုတ်လုပ်မှုစရိတ်က ကြီးသွားတယ်။ နောက်ပြီး သယ်ယူစရိတ်ကလည်း ဒီအတိုင်းပဲ။ နောက်ပြီး ကုန်ဈေးနှုန်းသဘောက ဝယ်လိုအားများတာနဲ့ သူကတက်တာပဲ။ ဆန်စပါးအသင်းကလည်း ထိန်းဖို့လိုတာပေါ့” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ဆန်ဈေး စံချိန်တင်တက်နေသည့်အတွက် လက်လုပ်လက်စားအခြေခံလူတန်းစားများမှာ ရရှိသည့်ဝင်ငွေနှင့် မလောက်မငှဖြစ်နေကြသည်ဟု ၎င်းတို့က ဆိုသည်။

 

“ဆိုင်ချင်းက ဈေးတွေကမတူဘူး။ ကျွန်မတို့စားတဲ့ရက် ၉၀ ဆန်ပေါ့။ အဲ‌ဒီလောက်အမျိုးအစားမှလည်း စားလို့ရတာ။ ဆန်ကွဲတောင် တစ်ပြည် လေးထောင်(ကျပ်)ရှိတယ်။ အာဏာမသိမ်းခင်ကမှ ဆန်တစ်ပြည် သုံးထောင်ဆိုရင် ကောင်းကောင်းကြီးစားလို့ရတယ်။ အခုကတော့ ထပ်မတက်ပါစေနဲ့ပဲဆုတောင်းနေရတယ်” ဟု လှိုင်သာယာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောသည်။

 

လက်ရှိဈေးနှုန်းများမှာ ရက် ၉၀ ဆန် တစ်ပြည်လျှင် ကျပ် ၄၅၀ဝ မှ ၄၆၀ဝ၊ ဧရာဝတီဒေသထွက် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ကျပ် ၆၀ဝ၀ မှ ၇၈၀ဝ ကြားနှင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၈၀ဝ၀ အထိ ဈေးရှိကြောင်း လက်လီဆန်ဈေးကွက်အတွင်းမှ သိရသည်။

 

လက်ရှိ ရန်ကုန် ဆင်ခြေဖုန်းမြို့နယ်အချို့တွင် နေ့စား ကျဘမ်း အလုပ်သမားတစ်ဦး၏ တစ်ရက်ဝင်ငွေမှာ ၈၀၀၀ မှ ၁၀,၀၀၀ ကျပ်ခန့်သာရရှိနေကြသည်။

Related News

Depend on news