ရန်ကုန်တွင် စစ်ကောင်စီလက်အောက်ခံများ ပွဲဈေးကျင်းပခွင့်ပေးပြီး လောင်းကစားဝိုင်းများပါ ထည့်သွင်းခွင့်ပြု

Author ကိုထက်
Categories
Published on Dec 19, 2023

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက ပွဲဈေးများကျင်းပခွင့်ပေးပြီး လောင်းကစားဝိုင်းများပါ ထည့်သွင်းပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

 

တာမွေ၊ လှိုင် စသည့် မြို့နယ်များတွင် ရက်ရှည်ပွဲဈေးတန်းများကျင်းပနေပြီး ဂျင်ဝိုင်း၊ ကြက်ဝိုင်းများပါ စစ်ကောင်စီတပ်သားများက ပါဝင်လုပ်ဆောင်နေသည်ဟုလည်း ယင်းမြို့ခံများက ဆိုသည်။

 

“ချောင်းနားက ကွင်းထဲမှာ ဆယ်ရက်လောက်လုပ်မယ်ပြောတယ်။ ပွဲဈေးတန်းပေါ့။ အဲဒီမှာ လောင်းကစားဝိုင်းတွေလည်းပါတယ်။ ဂျင်ဝိုင်းတွေ၊ ကြက်ဝိုင်းတွေရော စစ်သားတွေပါ ဝင်လုပ်နေသလိုပါပဲ။ ဈေးဆိုင်ခန်းတွေကိုလည်း အုပ်ချုပ်ရေးမှူးတွေက ချပေးတာ” ဟု လှိုင်မြို့နယ်နေသူတစ်ဦးက ပြောသည်။

 

ထို့ပြင် တာမွေမြို့နယ်၊ ကျောက်မြောင်းတွင်လည်း ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ပွဲဈေး အကြီးအကျယ်ကျင်းပနေသည်ဟု သိရသည်။

 

“ဆူညံပွက်လောရိုက်နေတာ။ တစ်လမ်းကျော်ကတောင် ဒီလောက်ဆူတာ။ အဲဒီနားနီးတဲ့လူတွေ အတော်စိတ်ညစ်မှာပဲ။ လောင်းကစားဝိုင်းတွေ တော်တော်စည်တယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေပဲ ပါဝင်ပြီးလုပ်နေတာလေ။ ဖမ်းဖို့နေနေသာသာ” ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် ယခုရက်ပိုင်းများတွင် မြို့နယ်အတော်များများတွင် ဗုံးပေါက်ကွဲမှုများလည်းရှိနေသည်။

 

စစ်ကောင်စီအနေဖြင့် အလုံးစုံထိန်းချုပ်အေးချမ်းသည့်အသွင် ရန်ကုန်အနှံ့တွင် ပွဲဈေးများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပ‌ပေးနေပြီး အဆိုပါပွဲဈေးများတွင် လောင်းကစားဝိုင်းများပါ ထည့်သွင်းကာ လုပ်ဆောင်နေသည်။