ရန်ကုန်တွင် စစ်ကောင်စီမှ သန်းခေါင်စာရင်းနှင့် လူစာရင်းများကောက်ယူရန် ပြင်ဆင်မှုများ ပြုလုပ်နေ

Author ခေတ်နီ
Categories
Published on Dec 19, 2022

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ သန်းခေါင်းစာရင်းနှင့် လူစာရင်းများ ကောက်ယူရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ဧည့်စာရင်းနှင့် လူစာရင်းများ ကောက်ယူရန်အတွက် သင်တန်းပေးမည်ဆိုကာ စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်အဖွဲ့ဝင်များကို မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူရုံးတွင် ယခု ဒီဇင်ဘာလ ၂၀နှင့် ၂၁ရက် နေ့များတွင် လာရောက်သင်တန်းတက်ရန် ညွှန်ကြားထားတာပဲ ဖြစ်သည်။

“မင်္ဂလာဒုံ ထွေအုပ်ရုံးမှာ သင်တန်းတက်ရမှာ လူအယောက် ၂၉၀လောက် လာတက်ရမယ်ပြောတယ်၊ အုပ်ကြီးတွေရယ် မီးသတ် ၃ယောက်စီ တက်ရမယ်ပြောတယ်၊ သင်တန်းက ဒီလ ၂၀ရက်၊ ၂၁ရက်စမှာ စာရင်းကောက်မယ့်ရက်တော့ ဘယ်နေ့ စမယ်မသိဘူး “ဟု CJ Platform သတင်းရင်းမြစ်ကဆိုသည်။

ထိုသို့စစ်ကောင်စီမှ စာရင်းကောက်ယူမှုတွင် သန်း ခေါင်စာရင်းနှင့် တစ်အိမ်ထောင်လျှင် လူမည်မျှနေသည်ဟူသော စာရင်းပါ ကောက်ယူမှာဖြစ်ပြီး ဧည့်စာရင်းနှင့် နေသူများကိုလည်း စစ်ကောင်င်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသော ဒေသများမှ လာရောက်နေထိုင်သူများကို လက်ခံမှုမပြုလုပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်းလဲ သိရသည်။

စစ်ကောင်စီမှ ယခုလို လုပ်ဆောင်နေမှုများသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများလည်း ဖြစ်နိုင်ပြီး မြို့ပြဒေသကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်ကြောင်းလည်း တော်လှန်ရေးအတွင်းပါဝင်နေသည့် လူငယ်တချို့မှ သုံးသပ်သည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာသိမ်းယူပြီးချိန်မှစတင်ပြီး ဒေသန္တရ အုပ်ချုပ်ရေးကိစ္စများတွင် ၎င်းတို့အား ထောက်ခံသူများသာ ခန့်ထားလျက်ရှိပြီး တော်လှန်ရေးအင်အားစုများအား ဖြိုခွဲရန်အ တွက် သတင်းပေးများအဖြစ်လည်း အသုံးချနေတာပဲဖြစ်သည်။