ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အမှုဆောင်များအား ဆယ်တန်းသာအောင်ပြီး အင်္ဂလိပ်စကား နားလည်သူမပါဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားသူကို တရားစွဲမည်

Author စကားဝါ
Categories
Published on Feb 08, 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် ပါဝင်သည့် အလုပ်အမှုဆောင်များမှာ ဆယ်တန်းသာ အောင်ပြီး အင်္ဂလိပ်စကား နားလည်သူ တစ်ဦးမှ မပါဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားသူကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတင်းထုတ်ပြန်ထားသည်။

 

Gold ဟုဆိုသော Facebook Group တစ်ခုတွင် ရွှေပွဲစားကြီးဟုဆိုသော Facebook အကောင့်တစ်ခုမှ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အစည်းအဝေး ကျင်းပနေသော ဓာတ်ပုံနှစ်ပုံကို အသုံးပြုကာ “ပညာအရည်အချင်း ၁၀ တန်း အောင်သာရှိသော YGEA အလုပ်အမှုဆောင်များ ၊ အင်္ဂလိပ်ဘာသာစကား နာလည်သူ တစ်ဦးမှ မပါရှိပါကြောင်း”ဟု ရေးသားကာ မျှဝေမှုလုပ်ဆောင်ထားခဲ့သည်။

 

ယင်းမျှဝေထားမှုကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ Screenshots လုပ်ဆောင်ကာ “သတင်းအမှားဖြစ်ပါသည်။ အသင်းဂုဏ်သိက္ခာ အသင်းဝင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဆောင်ရွက်မှုများအား တရားလွှတ်တော်ရှေ့များမှတဆင့် အွန်လိုင်းဥပဒေအရ အသင်းမှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးအပ်သည်”ဟု သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

 

“ဘယ်လိုပြောရမလဲ နည်းနည်းတော့ကြောင်တာပေါ့နော်၊ ဩကာသဆိုပြီးမှ အစည်းအဝေးစတဲ့ အစ်ကိုကြီးတွေကို မပြောလိုပါဘူး”ဟု တရားစွဲဆိုမည်ဟု ဖော်ပြခြင်းအား ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးက ရယ်မောကာ မှတ်ချက်ပြု ပြောသည်။

 

ပြင်ပရွှေစျေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်စျေးနှုန်းများဖြင့် ရွှေစျေးများ မြင့်တက်လာချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသည် စစ်ကောင်စီအလိုကျ အခြေခံရွှေစျေနှုန်းများ သတ်မှတ်ပေးခဲ့သဖြင့် ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရဖူးသည်။