ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံ ဗိုလ်မှူးသန်းထွဋ် အပါအ၀င် လေးဦးအား PDF များရှင်းလင်း၊ လက်နက်များ သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Jan 23, 2023

 

ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံ ဗိုလ်မှူးသန်းထွဋ် အပါအ၀င် လေးဦးအား PDF များ ရှင်လင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDF က ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသည့် ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံ ဗိုလ်မှူး သန်းထွဋ်(ဒုဗိုလ်မှူးကြီး အစမ်းခန့်) နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်းပြီး လက်နက်များ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်တိုင်း ၉ မိုင်ခွဲ၊ ပြည်လမ်း Ocean စင်တာ အနီးရှိ အမှတ်(၁) စစ်ဘက်လုံခြုံရေးအကူတပ် စစ်ကြောရေးတာ၀န်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် နှင့် တပ်ကြပ်ကြီး အောင်မြင့်တို့လိုက်ပါလာသည့် ကားကို PDFများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လိုက်ပါလာသည့်ကားအား YUA အဖွဲ့မှ သတင်းအချက်အလက်ပေးပို့ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့၀င်များမှ ကင်းပုန်း၀ပ် စောင့်ဆိုင်းကာ ဖုန်းဆက်ပြီး ယင်းကားကို ရပ်တန့်ကာ ဖမ်းဆီးရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ကားရပ်သွားပြီးနောက် PDF ရဲဘော်များသည် ဝိုင်း၀န်းပိတ်ဆို့ဖမ်းဆီးစဉ် ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီး အောင်မြင်တို့မှ ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့၀င်များက ယင်းနှစ်ဦးကို နေရာ၌ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများနှင့် အတူပါလာသည့် အမျိုးသားနှစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လက်နက်အားလုယူထွက်ပြေးရန် ကြိုးစားသဖြင့် တော်လှန်ရေးရဲဘော်များက ပစ်ခတ်ဖမ်းစီးစဉ် သေဆုံးသွားသဖြင့် ကားပေါ်တွင် ပါလာသူ ၄ ဦးလုံး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရှင်းလင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သား နှစ်ဦးထံမှ ၉မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက် စာတမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး မော်တော်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-Bago Region PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဗိုလ်မှူးသန်းထွဋ် #ပဲခူးPDF