ရန်ကုန်က စစ်မှုထမ်းဥပဒေ (ဝါ) ခေါင်းအေးအေးဖြင့် စဉ်းစားစေလိုသည်
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက ဒေသအနှံ့တွင် မျက်လုံးနှစ်လုံး ပွင့်ပြီး အကြားအာရုံပွင့်သည်နှင့် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ သတင်းစကားအမျိုးမျိုးကြားရမည်ဖြစ်သည်။
Hot အဖြစ်ဆုံး အကြောင်းအရာ၊ Hit အဖြစ်ဆုံး ပြဿနာ၊ မိဘပြည်သူနှလုံးအလွန်နုံးစေသော အပူမီးခဲ။ထိုအထဲ စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားသည့် ရန်ကုန်မြို့အတွင်းက စစ်မှုထမ်းဥပဒေကရော မည်သို့၊ မည်ပုံ။
“စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ဗျာ။ ကြာရင် ရူးတော့မယ်ထင်တယ်” ဟု ငြီးငြူလာသူက ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က အသက် ၂၀ ကျော်အရွယ်လူငယ်လေးတစ်ဦးဖြစ်သည်။
အသက် ၂၀ ကျော်အရွယ်လူငယ်လေးတစ်ဦး၏ ပျော်ရွှင်တက်ကြွမှုဆိုသည့် ဝိသေသတို့ ၎င်းတွင် ပျောက်ဆုံး၍နေသည်။၎င်းတွင် စစ်မှုထမ်းဥပဒေကြောင့် သောကဗျာပါပွေနေသည့်ဟန်အပြည့်။
“မိုးပြို အများ” ဟု ဆက်ပြောသော်လည်း အားမာန်တော့မပါ။ ဘာဖြစ်မယ်မှန်းမသိသည့် နံနက်ဖြန်အတွက် တွေးပူနေရသည့်ဘဝ။ ၎င်းကဲ့သို့ လူငယ် အများအပြားပင်။
ယခု မတ်လပထမပတ်အတွင်းမှစတင်၍ ရန်ကုန်ရှိမြို့နယ်အများအပြားတွင် စစ်ကောင်စီ လက်အောက်ခံများက စစ်မှုထမ်းရန် စာရင်းကောက်လိုက်လံကောက်နေကြသည်။ဘယ်မှာဖြင့် စာရင်းကောက်သွားတယ်၊ ဘယ်မှာဖြင့် ရပ်ကွက်ရုံးကိုခေါ်နေပြီ စသဖြင့် ပြောသံများ ရပ်ကွက်များအတွင်း နားမဆံ့အောင် နေ့စဉ်လိုလို ရန်ကုန်လူထု ကြားနေရသည်။
“စာရင်းတော့ လာကောက်တယ်။ ကြားနေရတာကတော့ အိမ်ထောင်စုစာရင်းတွေနဲ့ မဲနှိုက်ရတယ်လို့ကြားနေတာ။ အိမ်ကသားတွေဘယ်နားသွားထားရမှန်းမသိဘူး။ ညတိုင်းလည်း အိပ်မပျော်ဘူး။ ဘယ်တော့များလာမလဲပဲ စိတ်ပူနေရတယ်” ဟု ဆိုသည်။
ယင်းမှာ လှိုင်သာယာမြို့နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် လူငယ်မိဘတစ်ဦး၏ ရင်တွင်းစကားသံဖြစ်သည်။
ရန်ကုန်မြို့သို့ ဝင်ပေါက်တစ်ခုဖြစ်သော တွံတေးမြို့နယ်က ကျေးရွာများတွင် စစ်မှုထမ်းရန် မဲနှိုက်ခြင်းများပြုလုပ်နေကြသည်။
ရွာတစ်ရွာအတွင်း အပိုင်း (၃)ပိုင်းရှိပါက တစ်ပိုင်းလျှင် သုံးဦးခေါ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောဆိုကြောင်း ဒေသခံများက ပြောသည်။“မဲနှိုက်ရတာ ရွာမှာသုံးပိုင်းရှိတယ်။ တစ်ပိုင်းကို သုံးယောက်ခေါ်မယ်ပြောတယ်။ အိမ်က တူလေးပါသွားတယ်။ ၂ နှစ်ထမ်းရမယ်။ သင်္ကြန်ပြီးရင်လာခေါ်မယ်။ အဆင်သင့်လုပ်ထားလို့ပြောသွားတယ်” ဟု တွံတေးဒေသခံတစ်ဦးက ပြောသည်။မဲပေါက်ခဲ့သူ တွံတေးဒေသခံ ဖခင်တစ်ဦးကလည်း ယခုကဲ့သို့ ရင်ဖွင့်လာသည်။
“ဦးလေးရဲ့သားလည်း မဲပေါက်သွားတယ်။ ဦးလေးက ကျွန်တော့်သားက ငယ်လို့ပါ။ ကျွန်တော် သူ့အစားလိုက်ပါရစေဆိုတာကိုတောင်မရဘူး။ ခင်ဗျားသားပေါက်တာ သူ့ကိုပဲခေါ်မယ်။ သင်္ကြန်ပြီးရင်ခေါ်မယ်။ ရိက္ခာ၊ လစာအကုန်ပေးမယ်။ အဆင်သင့်လုပ်ထားလို့ပြောသွားတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန် စည်ပင်နယ်နိမိတ် ၄၅ မြို့နယ်အတွင်းတွင်တော့ မဲနှိုက်ရွေးချယ်ခြင်းအဆင့်ထိ မရောက်ကြသေးပေ။ ရွှေပြည်သာ၊ လှိုင်သာယာတို့ကဲ့သို့ ဆင်ခြေဖုံးအစွန်အဖျားမြို့နယ်များအပါအဝင် မြောက်ဥက္ကလာပမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံများ တစ်အိမ်တက်ဆင်းတစ်မျိုး ရပ်/ကျေးရုံးနှင့် အပိုင်ရာအိမ်မှူးအိမ်များထံသို့ စာရင်းလာပေးစေခြင်းတစ်သွယ် လုပ်ဆောင်နေကြသည်။
“အခုကတော့ တစ်အိမ်တက်ဆင်း စာရင်းလိုက်ကောက်နေတယ်။ လူငယ်လူရွယ်တွေရှိတဲ့အိမ်တွေကို တကယ်လို့ ဆင့်ခေါ်စာရောက်လာရင် အုပ်ချုပ်ရေးမှူးရုံးကိုလာပြီးညှိရမယ်လို့ ပြောသွားကြတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်က ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ယခုနှစ် ဧပြီလ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအပြီးတွင် ၁၈ နှစ်မှ ၃၅ နှစ်အထိ သက်ပြည့်အမျိုးသား ၅၀၀၀ ဦးဖြင့် ပထမဆုံး စစ်မှုထမ်းသင်တန်းကို ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ကြောင့် စစ်မှုထမ်းသင်တန်း စတင်မည့် ရက်တို့က သိပ်မလိုတော့ပေ။ ဗိုလ်ချုပ် ဇော်မင်းထွန်းအပြောအရ တစ်လခန့်သာသာ လိုတော့သည်။
အဆိုပါ စစ်အစိုးရဥပဒေကြောင့် ‘စားမဝင် အိပ်မပျော်’ ဖြစ်နေရသည့် မိဘပြည်သူ လူငယ်လူရွယ်များအတွက် ပိုမိုသွေးတိုးစေသည့်အရာ။‘စားမဝင် အိပ်မပျော်’ ဆိုသည့်စကားသည် ကြားရန် လွယ်သော်လည်း ခံစားရလျှင် မချိပေ။
မြန်မာပြည်သူတို့ ထိုသို့မချိတင်ကဲ ခံစားရမှုမျိုး နေ့စဉ် ကြုံတွေ့ခံစားနေကြရခြင်းဖြစ်သည်။စစ်ကောင်စီလက်အောက် ပြုသမျှနုနေကြရရှာသည်။
စင်ပြိုင်အစိုးရဟု ပြည်သူအများသတ်မှတ်ထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လည်း မကူကယ်နိုင်။
လူငယ်ထုအနေဖြင့် ကိုယ်တိုင်ရုန်းထွက်မည်လော။ ပေးဆပ်မည်လော။ ရွေးချယ်မှုအမျိုးမျိုး ရှိနေသည်။
လူတစ်ဦးချင်းစီတိုင်းအတွက် ပြဿနာတိုင်းတွင် ရွေးချယ်မှုများက စောင့်ကြိုနေမည်ဖြစ်သည်။PDF ထဲလော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ခိုလှုံခြင်းလော။
ပြည်ပထွက်ခွာခြင်းလော။ ပြည်တွင်း၌ တိမ်းရှောင်နေခြင်းလော။ ဘုန်းကြီးဝတ်ခြင်းလော။ လာဘ်ပေး ရှောင်တိမ်းခြင်းလော။
မိဘပြည်သူလူငယ်လူရွယ်အပေါင်း ခေါင်းအေးအေးဖြင့် စဉ်းစားစေလိုသည်။