ရန်ကုန်ကို စစ်ကောင်စီ ပိုဖိလာ

Author ကိုထက်
Categories
Published on Nov 06, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းတို့တွင် တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲဆင်နေချိန်တွင် စစ်ကောင်စီတပ်များသည် ရန်ကုန်တွင် ကင်းလှည့်စစ်ဆေးမှုများ၊ ညဘက်ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမှုများ ယခင်ကထက် ပိုမိုပြုလုပ်လာပြီး ပိုမိုဖိနှိပ်လာကြောင်း မြို့ခံများက ဆိုသည်။

ယခုရက်ပိုင်းများတွင် ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ အစရှိသည့် မြို့နယ်များတွင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ယင်းမြို့ခံပြည်သူများထံမှ သိရသည်။

“ကင်းလှည့်တာတွေပိုများလာတယ်။ အရင်က Double Cap ကားနဲ့ပဲလှည့်တာ။ အခုက Faw ကား‌နဲ့ စစ်သားအပြည့်ပဲလှည့်နေတာ။ သူတို့မသင်္ကာတဲ့သူတွေဆို ခေါ်ပြီးဖုန်းစစ်၊ ဘာစစ်အကုန်လုပ်တော့တာပဲ။ ဟို ၁၀၂၇ လား။ အဲဒီစစ်ဆင်ရေးစဖြစ်တည်းက ဒီဘက်တွေ အရမ်းကြမ်းတာ စစ်ဆေးတာတွေက” ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ညဘက်များတွင်လည်း အဆောင်များကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးမှုများလည်း ပိုမိုပြုလုပ်လာသည်ဟု သိရသည်။

“ညဘက်တွေ ကျွန်တော်တို့အဆောင်တွေ၊ ရပ်ကွက်ထဲက ရာအိမ်မှူးတွေပါပါလာပြီး ယောက်ျားလေးတွေနေတဲ့ အခန်းတွေဆို ပိုစစ်တယ်။ တစ်ခါတလေ အလုပ်မအားလိူ့ ဧည့်စာရင်းရက်ကျော်နေတာတွေဖြစ်တယ်။ မရဘူးသူတို့က နောက်တစ်ခါဆို ခေါ်သွားမယ်တွေ၊ ဘာတွေလုပ်တာ။ လာစစ်တဲ့စစ်သားတွေက မူးရူးနေကြတာပဲ” ဟု လှိုင်သာယာမြို့နယ်မှ အဆောင်နေသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ မြို့များသိမ်းယူနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာနေသည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကြောင့် ရန်ကုန်အပါအဝင် ၎င်းတို့နယ်မြေစိုးမိုးမှုရှိသောနေရာဒေသများကို စစ်ကောင်စီမှ ပိုမိုတင်းကျပ်ဖိနှိပ်လာခြင်းဖြစ်သည်။