ရန်ကင်းယာဥ်ထိန်းရုံးနှင့် ရွှေပြည်သာတံတားတွင် ဗုံးပေါက်

Author ကိုပေါက်
Categories
Published on Oct 18, 2022

ရန်ကင်းမြို့နယ်ရှိ အမှတ် ၃၆ ယာဥ်ထိန်းတပ်စုမှူးရုံးနှင့် ရွှေပြည်သာတံတားအနီးတွင် ယနေ့ နေလည်ပိုင်းနှင့် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် ဒေသခံများထံမှ သိရသည်။

ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် သစ္စာလမ်းပေါရှိ အမှတ် ၃၆ ယာဉ်ထိန်းတပ်ဖွဲ့စုရုံးရှေ့တွင် ယနေ့ နေ့လည် တစ်နာရီအချိန်က ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေကို မသိကြောင်း မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဒဏ်ရာရလား သေလားဆိုတော့ မသိဘူး သွားကြည့်လို့မှ မရတာ ဗုံးပေါက်တာက အသံကြားလို့ သိရတာ”ဟု ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် လမ်းများပိတ်ဆိုပြီး ဗုံးလက် ကျန်ရှိမရှိ စစ်ဆေးခဲ့ပြီး ကားများကိုလည်းရှာဖွေခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

အလားတူပင် ယနေ့ နံနက် ရှစ်နာရီခွဲအချိန်ကလည်း ရွှေပြည်သာတံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တံတားကိုပိတ်ကာ ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ပြောသည်။

“ပေါက်တာ လှိုင်သာယာဘက်မှာပေါက်တာ ကားတွေကိုပြန်လှည့်ခိုင်းပြီး အောင်ဇေယျတံတားဘက်က သွားခိုင်းတယ် “ဟု ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ် ရာရရှိမှုအခြေအနေကို CJ Platform အနေဖြင့် သီးခြားအတည်ပြုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပစ်ခတ်မှုနှင့်ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။