ရခိုင်-ပဲခူးအစပ် တောင်ပုံကြီးနယ်ခြားဂိတ်ကြေး ကုန်ကားများတစ်စီးလျှင် ကျပ် ၁၅ သိန်းမှ ၅၀ အထိပေးရ ၊ဂိတ်ကြေးပေးဖြတ်သည့်ယာဉ်များ စစ်ဆေးခြင်းမခံရ
ရခိုင်ပြည်၊ တောင်ကုတ်မြို့အထွက် ပန်းတောင်း-တောင်ကုတ်လမ်းမပေါ်ရှိ အဓိကစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော တောင်ပုံကြီးနယ်ခြားဂိတ်တွင် ကူးသန်းသွားလာနေသည့် ကုန်တင်ယာဉ်များအပေါ် ငွေကြေးကောက်ခံမှုများ အဆမတန်မြင့်မားနေကြောင်း ဒေသခံများထံမှ သိရသည်။
ပန်းတောင်း-တောင်ကုတ် လမ်းမပေါ်တွင် ညောင်ဂျိုး(ဥသျှစ်ပင်ဂိတ်)၊ တောင်ကုတ်မြို့ထိပ်ရှိ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်နှင့် ရခိုင်-ပဲခူးနယ်မြေအစပ်ရှိ တောင်ပုံကြီးနယ်ခြားဂိတ်များအနက် တောင်ပုံကြီးဂိတ်မှာ ငွေကြေးကောက်ခံမှုနှုန်းမြင့်မားနေခြင်းကြောင့် ဒေသခံများနှင့် ကုန်တင်ယာဉ်များအတွက် အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။
“ကုန်ကားတစ်စီးကို ကုန်အမျိုးအစားနဲ့ ကားအကြီးအသေးပေါ်မူတည်ပြီး ၁၅ သိန်းကနေ သိန်း ၅၀ အထိ ဈေးပေါက်နေတယ်။ ဈေးကလည်း သူတို့ ပါးစပ်ထဲရှိတဲ့ဈေးလိုမျိုးဖြစ်နေပြီ” ဟု စစ်ဆေးရေးဂိတ်အနီးရှိ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ ဂိတ်ချကောက်ခံနေသည့် စစ်ဆေးရေးဂိတ်များသည် ကုန်တင်ကားများအတွက် ဂိတ်ကြေးကောက်ခံမှုနှုန်းများပြားသော်လည်း တောင်းသည့်နှုန်းထားအတိုင်းပေးပါက မည်သည့်ကုန်များ တင်လာသည်ကိုပင် သေချာစွာစစ်ဆေးခြင်းမရှိဘဲ ခွင့်ပြုပေးနေကြောင်း CJ Platform က စုံစမ်းသိရှိရသည်။
“ဟိုတစ်ခါ ဥသျှစ်ပင်သတင်းကြောင့် အဲဒီဂိတ်မှာ လုပ်စားနေကြတာ တန့်သွားပြီး ဒီတောင်ပုံကြီးဂိတ်မှာ လုပ်စားနေကြတာပေါ့။ လော်လီကားတွေနဲ့ ကုန်တင်လာလည်း ဘာကုန်တွေ ပါမှန်းမသိ၊ ပိုက်ဆံပေးထားတော့ ဒီတိုင်းဖြတ်ခွင့်ပေးတယ်။ လုံးဝ ကားတွေ မစစ်ဆေးဘူး။ မှောင်ခိုသမားတွေအကြိုက်ပေါ့” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။
ရခိုင်ပြည်ဒေသအနှံ့အပြားတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ၎င်းတို့စိုးမိုးထားနိုင်သေးသည့် ရခိုင်တောင်ပိုင်းဒေသမြို့များတွင် ယခုကဲ့သို့ ကုန်စည်စီးဆင်းမှုများ၊ သွားလာရေးလမ်းကြောင်းများကို ကန့်သတ်ထိန်းချုပ်၍ အမြတ်ကြီးစား ဂိတ်ကြေးကောက်ခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ပြည်တောင်ပိုင်းဒေသများသို့ ကုန်စည်များစီးဆင်းရာတွင် အဓိကကျသည့် လမ်းမကြီးတစ်ခုဖြစ်သည့် ပြည်-တောင်ကုတ် လမ်းမကြီးရှိ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်များအနက် ညောင်ဂျိုး(ဥသျှစ်ပင်)ဂိတ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စစ်တပ်တို့ပူးပေါင်းကာ အလားတူ ဂိတ်ကြေးအဆမတန်ကောက်ခံမှုများအပြင် စက်သုံးဆီနှင့် ကုန်စည်များ မှောင်ခိုတင်သွင်းမှုများရှိနေခြင်းကြောင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တပ်အကြီးပိုင်းများအနေဖြင့် တစ်လလျှင် သိန်းထောင်ချီ အကျိုးအမြတ်ရနေကြောင်း ဌာနတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။