ရခိုင် တောင်ပိုင်းတွင် စစ်ကောင်စီ ခံစစ်စတင်ပြင်ဆင်၊ AA လာတိုက်မည်စိုး၍ တောင်ကုတ်-မအီ လမ်းကို မြေတူးစက်များဖြင့် စစ်ကောင်စီ ဖျက်ဆီးနေ

Author CJ Platform
Categories
Published on Mar 19, 2024

ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့အားလုံးနီးပါး လက်လွှတ်ထားရသော စစ်ကောင်စီသည် တောင်ပိုင်းမြို့နယ်များအတွက် ခံစစ်စတင်ပြင်ဆင်နေပြီဖြစ်သည်။

 

ရက္ခိုင့်တပ်တော်(AA)က တောင်ပိုင်းမြို့များသို့ ဆက်လက်တိုက်ခိုက်သိမ်းပိုက်လာမည်ကို စိုးရိမ်သည့် စစ်ကောင်စီသည် အဓိကလမ်းမ တောင်ကုတ်-မအီလမ်းပိုင်းကို ယနေ့ မတ်လ ၁၉ ရက် နံနက် အစောပိုင်းမှစတင်၍ ဖျက်ဆီးနေကြောင်း ယင်းဒေသခံများက CJ Platform သို့ ပြောသည်။

 

တောင်ကုတ်မြို့အထွက် တက္ကသိုလ် စစ်ဆေးရေးဂိတ်နှင့် မဟော်သဓာ ပညာဒါနကျောင်းကြားမှစတင်ကာ တောင်ကုတ်-မအီ ဆက်သွယ်ရေးလမ်းမကြီးကို မြေတူးစက်များဖြင့် နံနက် ၈ နာရီခန့်မှစတင်ဖျက်ဆီးနေခြင်းဖြစ်သည်။ ထိုသို့လမ်းဖျက်ဆီးခြင်းကို စစ်ကောင်စီလက်အောက်ခံ လမ်းတံတားဆောက်လုပ်ရေးဌာနမှ တာဝန်ခံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့များက ကြီးကြပ်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

 

“ဘယ်လောက်အတိုင်းအတာထိ ဖျက်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ သူတို့ AA က လာတိုက်မှာကို တအားကြောက်နေကြတာလေ။ ဒါကြောင့် လာတိုက်နိုင်တဲ့လမ်းတွေကို ဖျက်နေကြတာ။ မနက်အစောကြီးကတည်းက ဘက်ဟိုး(မြေတူးစက်)တွေနဲ့ တူးပြီးဖျက်နေကြတာ” ဟု အသက် ၃၀ အရွယ် တောင်ကုတ်-မအီ လမ်းပိုင်းအနီးနေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

စစ်ကောင်စီက ဖျက်ဆီးနေသော တောင်ကုတ်-မအီ ပြည်ထောင်စုလမ်းမကြီးသည် ကတ္တရာခင်း ကျောက်လမ်းအမျိုးအစားဖြစ်ပြီး တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့် ရခိုင်တောင်ပိုင်းမြို့များသို့ သွားလာရာတွင် အရေးပါသော ကုန်သွယ်ရေးလမ်းမကြီးတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်မြို့များ ထပ်မံလက်မလွှတ်ရရေး ယခုကဲ့သို့ အရေးပါသော  ဆက်သွယ်ရေးလမ်းကြောင်းများကို ဖျက်ဆီးကာ ခံစစ်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုပြောကြားသည်။

 

“ရမ်းဗြဲကို စစ်ကောင်စီက လက်လွှတ်လိုက်ရတာ မကြာသေးဘူး။ မအီတို့၊ ရွာမတို့ဘက်ကလည်း AA က စိုးမိုးနိုင်မှု အားကောင်းနေတော့ ဒီလမ်းကို သုံးပြီး ကျန်တဲ့မြို့တွေကို လာတိုက်မှာ စိုးနေတာ။ ဒါပေမဲ့ သူတို့ဖျက်တာ အရေးမကြီးဘူး။ ပြည်သူတွေ သွားဖို့လာဖို့၊ ကုန်စည် အဝင်အထွက်တွေက ပိုခက်ပြီး သူတို့(စစ်ကောင်စီ)ကပဲ ချယ်လှယ်နေတာ။ စားသောက်ကုန်တွေက နဂိုတည်းက ဝယ်မရ၊ ဈေးတွေတအားကြီး နေပါတယ်ဆိုမှပဲ။ ခက်နေပြီရော” ဟု အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

 

တောင်ကုတ်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ အထိုင်တပ်များဖြစ်သည့် စကခ(၅) တပ်မဌာနချုပ်၊ ခမရ-၅၄၄၊ ခမရ ၃၄၆၊ BE မိုင်းရှင်းတပ်၊ ဆက်သွယ်ရေးတပ်၊ တပ်ရိပ်သာ၊ ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် ရဟတ်ယာဉ်ကွင်း သုံးခုတည်ရှိသည်။

 

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ ရခိုင်မြောက်ပိုင်းဒေသမြို့များအဖြစ် မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့တို့အပြင် တောင်ပိုင်းဒေသက ရမ်းဗြဲမြို့ကိုလည်း ရက္ခိုင့်တပ်တော် (AA)ထံ လက်လွှတ်ဆုံးရှုံးထားရသည်။

 

ထို့ပြင် မတ်လ ၁၇ ရက် ညနေပိုင်းတွင်လည်း ရသေ့တောင်မြို့အတွင်းရှိ ခမရ- ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းသုံးခုကို ထပ်မံလက်လွှတ်ဆုံးရှုံးထားရပြီး လက်အောက်ခံ တပ်သား ၂၀၀ ဦးကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂါလီ(ရိုဟင်ဂျာ)အလောင်းများ၊ စစ်ကောင်စီတပ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

 

ဆက်လက်၍ ဘူးသီးတောင်မြို့တွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေး ထိုးစစ်အရှိန်အဟုန်မြှင့်တင်ပြီး တိုက်ခိုက်နေကြောင်း AA ၏ မတ်လ ၁၈ ရက် အစောပိုင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Related News

Depend on news