ရခိုင်သတင်းထောက်နှစ်ဦးအပါအဝင် မတရားအကျဉ်းချခံ ၇ ဦးကို သတ်ဖြတ်ကြောင်း ညွှန်ကြားသူ ဗိုလ်မှူး ဝန်ခံ

Author လင်းနွေဦး
Categories
Published on Feb 29, 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်လူမျိုး သတင်းထောက် ၂ ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ရန် စစ်ကောင်စီလက်အောက်ခံ ခမရ-၃၇၈ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး သန်းထိုက်စိုးက ၎င်းကိုယ်တိုင် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှတစ်ဆင့် ပြည်သူများထံသို့ ထုတ်ဖော်ဝန်ခံခဲ့သည်။

 

“ကိုဖိုးလပြည့်အပါအဝင် ၇ ဦးကို တပ်ရင်းဗဟိုကင်း အချုပ်ကင်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဆေးကုသမှု ခံယူနေတဲ့ တပ်ရင်း ၃၇၇ ကနေပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒုတပ်ကြပ် သန်းအောင်နဲ့အဖွဲ့အား အချုပ်သား ၇ ဦးကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်ပါတယ်” ဟု ၎င်းက ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် AA က ထုတ်ပြန်သည့် ရုပ်သံဖိုင်အတွင်း ဝန်ခံပြောကြားခဲ့သည်။

 

ထိုသို့သတ်ဖြတ်ပြီး နောက်တစ်နေ့နံနက်တွင် သတင်းလာပို့သည့် ခရိုင်မှူး ရဲမှူးကြီး ဦးခင်မောင်စိုးနှင့်တိုင်ပင်ပြီးနောက် တပ်မမှူးထံသို့ အချုပ်သား ၇ ဦး ဗုံးထိမှန်သေဆုံးခဲ့သည်ဟု လိမ်လည်သတင်းပို့ခဲ့ကြောင်း အမိန့်ပေးခဲ့သူ ဗိုလ်မှူး သန်းထိုက်စိုးမှ ရက္ခိုင့်တပ်တော် (AA)ထံ ဝန်ခံထွက်ဆိုသည်။

 

ရခိုင်လူမျိုး သတင်းထောက်နှစ်ဦးဖြစ်သည့် သတင်းထောက် ကိုမြတ်သူထွန်း(ခ)ဖိုးသီဟ၊ ကိုကျော်ဇံဝေ(ခ)ဖိုးလပြည့်(ခ)ရင်ဆို့တို့အပါအဝင် ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့ ၇ ဦးကို မြောက်ဦးမြို့နယ်အခြေစိုက် ခမရ-၃၇၈ တပ်ရင်းအတွင်း ဗဟိုကင်းအချုပ်ခန်းမှ ခေါ်ယူကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်မှူး သန်းထိုက်စိုးသည် ရရှိသည့်ဒဏ်ရာကို ဆေးရုံတက်ကုသနေစဉ် မတရားအကျဉ်းချခံထားရသူ ၇ ဦးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသွားသည်။

 

ဗိုလ်မှူး သန်းထိုက်စိုး၏ ညွှန်ကြားခံရသူ တပ်ရေးဗိုလ်ကြီး အာကာမြင့်က ကိုင်ပိုင်ဆန္ဒမပါဘဲ အထက်အမိန့်အရသာ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ပေးအပ်သည့် အပြစ်ဒဏ်ကို ကျေနပ်စွာခံယူမည်ဖြစ်ကြောင်း ပြောကြားသည်။

 

“ကျွန်တော့်သဘောဆန္ဒအလျောက်လုပ်ခဲ့တာမဟုတ်ဘဲ အထက်ကအမိန့်အတိုင်းဆောင်ရွက်ခဲ့ရတာပါ။ အဲဒါကြောင့်သေဆုံးသွားတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ပေးအပ်လာတဲ့ အပြစ်ဒဏ်အပေါ်မှာလည်း ကျေကျေနပ်နပ် ခံယူသွားပါမယ်” ဟု ဗိုလ်ကြီး အာကာမြင့်က ဝန်ခံချက် ဗီဒီယိုအတွင်း ပြောကြားသည်။

 

သတ်ဖြတ်မှုကို တာဝန်ယူလုပ်ဆောင်ခဲ့သည့် မြောက်ဦးခရိုင် ရဲမှူးကြီး ခင်မောင်စိုးသည် အရေးယူခံရမည်စိုးရိမ်၍ ဗိုလ်မှူး သန်းထိုက်စိုး စေခိုင်းသည့်အတိုင်း တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းထံ လိမ်လည်သတင်းပို့ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

 

တပ်မမှူး မင်းမင်းထွန်းဆိုသူမှာ ရက္ခိုင့်တပ်တော် AA က မြောက်ဦး ခမရ (၃၇၇)တပ်ရင်းကို ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အသေဖမ်းဆီးရမိသည့် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းဖြစ်သည်။

 

ရက္ခိုင့်တပ်တော်ဘက်က ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအပြစ်ပေးအရေးယူ သွားမည်ဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များ ခံစားရသည်များ အတွက် တရားမျှတမှုရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Related News

Depend on news